ဝါရှင်တန်၊ ဇန်နဝါရီ ၇

အတ္တလန္တိတ်သမုဒ္ဒရာမှာ အမေရိကန်တပ်ဖွဲ့တွေ လိုက်နေတဲ့ ရေနံတင်သင်္ဘော တစ်စီးကို လိုက်ပါ စောင့်ကြပ်ပေးရေး ရုရှားက ရေတပ်သင်္ဘောတွေ စေလွှတ်ထားကြောင်း CBS News သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိ ဘာတစ်ခုမှ တင်ဆောင်မထားတဲ့ အဲဒီ သင်္ဘောဟာ ဗင်နီဇွဲလား ရေနံစိမ်းတွေကို တင်ပို့လေ့ရှိတဲ့ ရာဇဝင်ရှိပြီး ဇန်နဝါရီ ၆ ရက်မှာ စကော့တလန်နဲ့ အိုင်ယာလန်ကြား နေရာကို ရောက်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရေနံတင်သင်္ဘောတွေ ဗင်နီဇွဲလားသို့ အဝင်အထွက် မလုပ်နိုင်အောင် ပိတ်ဆို့ထားရေး ညွှန်ကြားထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ချိန် ဗင်နီဇွဲလား အစိုးရက ဒါဟာ ခိုးမှု ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဗင်နီဇွဲလား ခေါင်းဆောင်ဟောင်း နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဇန်နဝါရီ ၃ ရက် ဖမ်းဆီးမှု မတိုင်ခင် ထရန့်က ဗင်နီဇွဲလားအစိုးရဟာ မူးယစ်ဆေးဝါးတွေ အမေရိကန်သို့ ပို့ဆောင်ဖို့ သင်္ဘောတွေ အသုံးပြုနေတယ်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Bella 1 သင်္ဘော ကာရေဗီယံဒေသမှာ ဗင်နီဇွဲလားသို့ ခုတ်မောင်းနေချိန် အမေရိကန် ကမ်းခြေစောင့်တပ်က တားဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်နေတယ်လို့ ယုံကြည်ရပြီး အီရန် ရေနံတွေကို သယ်ဆောင်ပေးနေတဲ့ အဲဒီ သင်္ဘောကို ဖမ်းဆီးရေး အမေရိကန် ကမ်းခြေစောင့်တပ်မှာ ဖမ်းဝရမ်း ရရှိထားပြီး ဖြစ်ပါတယ်။

အဲဒီနောက် အဲဒီ သင်္ဘောဟာ သူ့ရဲ့ အမည်ကို မာရီယာနာလို့ ပြောင်းလဲလိုက်တာ အပါအဝင် လမ်းကြောင်း သိသိသာသာ ပြောင်းသွားပြီး ဂူယာနာအလံ လွှင့်ထူထားရာကနေ ရုရှား သင်္ဘောအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။

အဲဒီ သင်္ဘော ဥရောပသို့ ချဉ်းကပ်လာမှုဟာ အမေရိကန် စစ်ဖက်ပို့ဆောင်ရေး လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၀ စီး ရောက်ရှိလာမှုနဲ့ တိုက်ဆိုင်နေပါတယ်။

အဲဒီ သင်္ဘောရဲ့ အခြေအနေကို စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေတယ်လို့ ရုရှားက ပြောပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်က အဲဒီသင်္ဘောပေါ်ကို တက်ဖို့ ကြိုးပမ်းနေပြီး နှစ်မြှုပ် ပစ်ဖို့ထက် ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် အရာရှိ နှစ်ယောက်က ပြောပါတယ်။

အမေရိကန် စစ်တပ်က ဗြိတိန်ကနေ စစ်ဆင်ရေး စတင် မလုပ်ဆောင်ခင် မဟာမိတ်ကို အကြောင်းကြားမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်အထိတော့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက တခြား နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.