အလက်ပို၊ ဇန်နဝါရီ ၈
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့မှာ အစိုးရတပ်တွေနဲ့ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေကြား နှစ်ရက်ကြာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက်က ဆီးရီးယားစစ်တပ် တိုက်ခိုက်ခဲ့တဲ့ ကာ့ဒ်လူမျိုး အများစု နေထိုင်ရာ ဒေသတွေ ဖြစ်တဲ့ ရှိတ်ခ် မာဆောက်နဲ့ ရှက်ရာဖီးဒေသတွေကနေ အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေးသွားခဲ့ရပါတယ်။

အဲဒီဒေသတွေကို ဆီးရီးယား အစိုးရတပ်က ပိတ်ထားတဲ့ စစ်ရေးဒေသတွေအဖြစ် သတ်မှတ်ပြီးနောက်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဒေသတွေအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဆင်ရေး ပြုလုပ်တာ ဖြစ်ပြီး လုံခြုံရေးထိန်းသိမ်းဖို့ ရည်ရွယ်ရုံ သက်သက် ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) က အလက်ပိုမြို့မှာ သူတို့ စစ်ရေးအရ နေရာယူထားတာ မရှိဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။
တိုက်ပွဲတွေ ဖော်ဆောင်တဲ့ လုပ်ရပ်ဟာ ဒေသခံတွေ ထွက်ပြေးအောင် ရာဇဝတ်မှုဆိုင်ရာ ကြိုးပမ်းမှု ဖြစ်တယ်လို့ SDF တပ်ဖွဲ့က ပြောပါတယ်။
မြေပြင်အခြေအနေ ဆိုးရွားလွန်းပြီး အော့နှလုံးနာစရာကောင်းတယ်လို့ အလက်ပိုမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဗလီလို နေရာတွေကို ခိုလှုံရာနေရာအဖြစ် ဒေသခံတွေ အသုံးပြုနေရပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စိုးရိမ်တကြီး နေနေရတယ်လို့ လက်ကျန် ဒေသခံတွေက ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေက သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်ကို တော်လှန်ရေး တပ်တွေ ဖြုတ်ချနိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာ တော်တော်များများ သဘောထားကွဲလွဲနေဆဲ ဖြစ်တဲ့ နိုင်ငံ တစ်နိုင်ငံမှာ သမ္မတ အာမက် အယ်လ် ရှာရားရဲ့ အစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မီးမောင်ထိုးပြနေပါတယ်။
တိုက်ခိုက်ရေးသမား ထောင်ချီရှိပြီး ဆီးရီးယား အရှေ့မြောက်ပိုင်း ဒေသ အများစုကို ထိန်းချုပ်ထားတဲ့ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ SDF အဖွဲ့ဟာ ၂၀၂၅ ခုနှစ်မတ်လက သူတို့ရဲ့ စစ်ဖက်နဲ့ အရပ်ဖက်အဖွဲ့အစည်း အားလုံးကို ဆီးရီးယား အစိုးရနဲ့ ပေါင်းစည်းရေး သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ ပါတယ်။
ဒါပေမဲ့ အကောင်အထည် ပေါ်မလာသေးဘဲ သဘောတူညီမှု လမ်းချော်အောင် လုပ်ဆောင်နေတယ်လို့ နှစ်ဖက်စလုံးက စွပ်စွဲနေကြပါတယ်။
၁၃ နှစ်ကြာခဲ့တဲ့ ပြည်တွင်းစစ်အတွင်း သူတို့ရရှိခဲ့တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို စွန့်လွှတ်ဖို့ SDF က တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။
သူတို့ အဖွဲ့ဟာ အိုင်အက်စ်အဖွဲ့ကို အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ချေမှုန်းရာပါ ပါဝင် ကူညီခဲ့ပါတယ်။
အလက်ပိုမြို့မှာ ဖြစ်နေတဲ့ လိပ်ခဲတည်းလည်း အခြေအနေကြောင့် ဆီးရီးယား အစိုးရကို ထောက်ခံပြီး ကာ့ဒ် လက်နက်ကိုင်တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ တူရကီ ဝင်ပါလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
Ref:BBC

