ဝါရှင်တန်၊ ဇန်နဝါရီ ၈

ကမ္ဘာ့ ဈေးကွက်တွေမှာ ဗင်နီဇွဲလား ရေနံစိမ်းတွေကို တားမြစ် ကန့်သတ်ထားမှု ပြန်ရုတ်သိမ်း ပေးဖို့ ပြင်ဆင်နေချိန်မှာ ဗင်နီဇွဲလား ရေနံတွေ ရောင်းချမှုကို အမေရိကန်က အချိန် အကန့်အသတ်မရှိ ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

ရေနံစည်ပေါင်း သန်း ၃၀ ကနေ သန်း ၅၀ အထိ စတင်ရောင်းချမယ်လို့ မျှော်လင့်ထားပြီး ဗင်နီဇွဲလား အစိုးရကို ဆက်လက် ထိန်းချုပ်ရေးအတွက် ရရှိတဲ့ ဝင်ငွေတွေကို အမေရိကန်အစိုးရက ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။

ဗင်နီဇွဲလားမှာ ရိုးရိုးရှင်းရှင်း ဖြစ်လာရမယ့် အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေရေး မိမိတို့အနေနဲ့ အဲဒီ ကန်အားကို လိုအပ်ပြီး အဲဒီ ရေနံ ရောင်းချမှုတွေကို ထိန်းချုပ်ထားဖို့ လိုတယ်လို့ အမေရိကန် စွမ်းအင် ဝန်ကြီး ခရစ် ရိုက်က ပြောပါတယ်။

ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံလောက် ရရှိမယ်လို့ လေ့လာသူတွေ ခန့်မှန်းထားတဲ့ အဲဒီရောင်းချမှုက ရရှိတဲ့ ဝင်ငွေတွေရဲ့ ဘယ်အချိုးအစားကို ဗင်နီဇွဲလားအတွက် ပေးသွားမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကယ်ရိုလင်း လီဗစ်က နှစ်နိုင်ငံ သဘောတူညီမှု တစ်ရပ် ရရှိထားပြီလို့ ပြောပါတယ်။

ဗင်နီဇွဲလား နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA က ရေနံတွေ ရောင်းချမှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ထားရှိတဲ့ မူဘောင်အတွင်း ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထား ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ တူညီတဲ့ စည်းမျည်းတွေအပေါ် အခြေခံထားတယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗင်နီဇွဲလားက အမေရိကန်သို့ ရေနံစည် သန်း ၅၀ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပြီး ဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချသွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၆ ရက်က လူမှုမီဒီယာမှာ ကြေညာခဲ့ပြီးနောက် အခုလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရောင်းရငွေတွေကို အမေရိကန် ထိန်းချုပ်ထားတဲ့ အကောင့်တွေမှာ အပ်နှံထားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ထရန့်က အဲဒီ ငွေတွေကို သူထိန်းချုပ်ထားမှာ ဖြစ်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးအတွက် သုံးစွဲမယ်လို့ ပြောထားပါတယ်။

အိမ်ဖြူတော်အရာရှိတွေက ရေနံတွေကို ဈေးကွက်တင်ရောင်းဖို့ စတင်ဆောင်ရွက်နေကြောင်းနဲ့ အစိုးရက အဓိက ဘဏ်လုပ်ငန်းတွေ ကုန်စည်လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။

အဲဒီ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က ဆယ်စုနှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ ဗင်နီဇွဲလား ရေနံရောင်းချမှုအပေါ် ကန့်သတ်တားမြစ်ထားတာတွေကို ပြန်ရုတ်သိမ်းပေးဖို့ စီစဉ်နေပါတယ်။

ကျနော်တို့ ရေနံတွေကို စီးဆင်းခွင့်ပေးတော့မှာပါလို့ မီယာမီမှာ စွမ်းအင်လုပ်ငန်း အရာရှိတွေနဲ့ အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွမ်းအင်ဝန်ကြီး ရိုက်က ပြောပါတယ်။

မိမိတို့အနေနဲ့ ဘယ်နိုင်ငံရဲ့ ရေနံတွေကိုမှ ခိုးယူနေတာ မဟုတ်ဘဲ ရန်ပုံငွေတွေအတွက် အစိုးရရဲ့ ပထမဆုံး ဦးစားပေးလုပ်ဆောင်မှာ ဇင်နီဇွဲလား စီးပွားရေး တည်ငြိမ်စေဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေ အကျိုးရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုကလည်း ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.