မုဒုံ၊ ဇန်နဝါရီ ၇

မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့တို့မှာ အမျိုးသမီးနှစ်ဦး အသတ်ခံလိုက်ရပြီး လက်ရှိအချိန်ထိ လက်သည်မပေါ်ဘဲ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ရေးကျေးရွာ သံဖြူဇရပ်-မုဒုံကားလမ်းဘေး ရော်ဘာခြံထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။

သေဆုံးသူဟာ သံဖြူဇရပ်မြို့နယ် ဝဲရက်ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် မထက်ထက်မိုးဦး ဖြစ်ပြီး မုဒုံမြို့သို့ ဆေးခန်းပြဖို့ သွားစဉ် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်က နေအိမ်တစ်ခုမှာ မျက်နှာကို အဝတ်စည်းထားကာ ခြေထောက်၊ လက်တွေကို ကြိုးနဲ့တုပ်ထားပြီး ဦးခေါင်းအား ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို မြို့ခံတွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

သေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် ဒေါ်မေဆန်း ဖြစ်ပြီး မြဝတီဘုရင့်နောင်ဈေးမှာ ကုန်ခြောက်ရောင်းသူ ဖြစ်ကာ မွန်ပြည်နယ် ရေးမြို့ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်း ကာလအတွင်း အမျိုးသမီးတွေ လုံခြုံမှု ကင်းမဲ့နေပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာအပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ မကြာခဏဆိုသလို ကြုံတွေ့ရနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါနှစ်နီးပါးကာလအတွင်း စစ်ကော်မရှင်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၂၀၀၀ နီးပါး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.