မကွေး၊ ဇန်နဝါရီ ၆
မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကို မတရား ရိုက်နှက်ခဲ့ကာ တိုက်ပိတ်ထားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။
မကွေးအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ၄ က နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်တွေကို လူ ၁၀ ဦး တစ်ဖွဲ့စီနဲ့ ဆေးကြောခိုင်းခဲ့ပြီး မလုပ်နိုင်ကြောင်း ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာပါ။
အဲဒီမှာ မလုပ်နိုင်ကြောင်း ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းငုံ့ထိုင်ခိုင်းပြီး ခေါင်းမငုံ့သူတွေကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်တာ၊ နေပူလှန်းတာတွေ ပြုလုပ်ခဲ့တာကြောင့် ခေါင်းကွဲဒဏ်ရာ ရရှိသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း မြေပြင်ပေါ် မှောက်ခိုင်းထားပြီး နံပါတ်တုတ်၊ ဝါယာကြိုးနဲ့ မိန်းကြိုးအတုတ်တွေနဲ့ ဘရိုက်နှက်ခဲ့တယ်လို့ PPNM က ဆိုထားပါတယ်။
အဲဒီဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံရကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပိတ်ခံထားရပြီး လက်ရှိအချိန်ထိ အရိုက်ခံရသူတွေရဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း မိသားစုဝင်တွေမှ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။
ဒီအကြမ်းဖက်မှုတွေကို အကျဉ်းထောင်ဝန်ထမ်းဖြစ်တဲ့ သက်ပိုင်းစိုးက ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး အဆောင် ၁ က တန်းစီး တင်အောင်ထွန်း၊ အဆောင် ၃ က တန်းစီး စစ်သားကြီး၊ အဆောင် ၂ က တန်းစီး ငပွေးနဲ့ အဆောင် ၄ က အခန်းလူကြီး မြတ်ကိုတို့အား ထောင်ဝန်ထမ်းတွေက လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မကွေးအကျဉ်းထောင်ရှိ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာအကျဉ်းသားဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြင်းထန်စွာ ချိုးဖောက်နေတာကြောင့် PPNM အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

