မြဝတီ၊ ဇန်နဝါရီ ၆

ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။

အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို အမှာစကားပြောကြားခဲ့ရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း က “ကိုယ့်တိုင်းပြည်ကိုယ့်လွတ်လပ်ရေးအတွက် အားလုံး ကိုယ်ကိုယ်တိုင်သာလုပ်ဆောင်ရမယ်။ သခင်ပဲလုပ်မယ် ကျွန်တော့မလုပ်နိုင်ဘူး သဘောပေါက်တယ်နော်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားတပ်မတော် KNA ကို ကရင်နယ်ခြားစောင့်တပ် BGF ကနေ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စတင်ပြောင်းလဲဖွဲ့စည်းလိုက်ကာ BGF ဘက်တံဆိပ်ကို ဖြုတ်လိုက်ပြီး KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပါတယ်။
ဒီလို BGF ကနေ KNA အဖြစ်ကို ဘက်တံဆိပ်တွေတပ်ဆင်ပြီး အဖွဲ့သစ်ပြောင်းဖွဲ့လိုက်ရာမှာ BGF တပ်ရင်းအများစုတွေပါဝင်ပြီး မပါဝင်တဲ့ BGF တပ်ရင်းတချို့ ကျန်ရှိနေခဲ့ရာ အဲဒီအထဲမှာ မြဝတီမြို့ မဲကနယ်အခြေစိုက် ဗိုလ်မှူးစောမုတ်သုန်ဦးဆောင်တဲ့ BGF ၁၀၂၂ တပ်ရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်အုပ်စုဝါဒဖြန့်သူတွေကတော့ KNA ပြောင်းသွားတဲ့အထဲမှာ BGF တပ်နယ် ၃ စောချစ်သူနဲ့ သူ့ရဲ့သားတွေ၊ BGF တပ်နယ် ၂ စောတင်ဝင်းတို့သာ ခွဲထွက်သွားခဲ့ပြီး BGF ဥက္ကဌ၊ ဒုဥက္ကဌအပါအဝင် တပ်နယ် ၁ နဲ့ တပ်နယ် ၄ တို့ကတော့ ခွဲထွက်မသွားဘဲ BGF တပ်အဖြစ်သာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

BGF က KNA ကို ပြောင်းလဲဖွဲ့စည်းလိုက်တဲ့နောက် BGF တပ်ရင်းထဲမှာ တွဲဖက်ထားတဲ့ အရာရှိ တပ်သားတွေကို စစ်ကော်မရှင်က ပြန်လည်ခေါ်လိုက်ပြီး KNA ပြောင်းလဲဖွဲ့စည်းခဲ့တာကြောင့် နှစ်ဖက်တင်းမာတာတွေ ဖြစ်ပေါ်မှာစိုးတာကြောင့် ဘားအံ မြဝတီအပါအဝင် မြို့တချို့မှာ KNA နဲ့ စစ်ကော်မရှင်တပ်က လုံခြုံရေးတပ်လှန့်ထားခဲ့ပါတယ်။

လက်ရှိအချိန်အထိ KNA ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး KNA က တရားဝင်မထုတ်ပြန်သေးသလို စစ်ကော်မရှင်တပ်ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာတွေ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွှေကုက္ကိုက ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်ရာမှာ ပူးပေါင်းပါဝင်တဲ့ BGF အဖွဲ့တွေရှိသလို ပူးပေါင်းမပါဝင်တဲ့ BGF အဖွဲ့တွေလည်းရှိနေခဲ့ပြီး ခွဲခွဲခြားခြားလုပ်ဆောင်ပစ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.