နယူးယောက် ဇန်နဝါရီ ၅

အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီးနောက် ကမ္ဘာ့ ခေါင်းဆောင်တွေက ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ နိုင်ငံတွေထဲမှာ မက္ကစီကို၊ ကျူးဘား၊ ဘရာဇီး၊ ကိုလံဘီယာ၊ တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတို့ ပါဝင်ပါတယ်။

ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက ဗင်နီဇွဲလားကို အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာကြီးက ထိတ်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

မိမိတို့အနေနဲ့ လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်ရေးထက် နိုင်ငံတကာဥပဒေကို လေးစား တန်ဖိုးထားသင့်တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် သမ္မတ ပက်ထရိုက ဗင်နီဇွဲလား နယ်စပ်မှာ စစ်တပ်ချထားကြောင်း ကြေညာခဲ့ပါတယ်။

ချီလီကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရေး တိုက်တွန်းထား ပါတယ်။

ဘရာဗီကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချထားပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုကြောင့် မတည်ငြိမ်မှုတွေ ထပ်မံ ဖြစ်ပွားလာစေနိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မက္ကစီကို အစိုးရက တရားဝင် ကြေညာချက်ထုတ်ပြန်ပြီး အဲဒီ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။

အမေရိကန်ဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ်တယ်လို့လည်း မက္ကစီကို အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ကုလသမဂ္ဂက အရေးယူဆောင်ရွက်ပေးဖို့ မက္ကစီကို အစိုးရက တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မာဒူရိုရဲ့ မဟာမိတ် ကွန်မြူနစ် ကျူးဗားသမ္မတ မီဂွေး ဒိုက်ဇ်ကာနယ်က အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး နိုင်ငံတကာဥပဒေတွေ အတိုင်း ငြိမ်းချမ်းစွာ ရေရှည်တည်တံ့မယ့် ဖြေရှင်းမှု တစ်ခု ပြုလုပ်ခွင့် ရရှိမယ့် အခြေအနေတွေ ဖန်တီးပေးရေး ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ရာဇဝတ်မှုဆိုင်ရာ တိုက်ခိုက်မှု ဖြစ်တယ်လို့လည်း သူက ပြောဆိုထားပါတယ်။

မာဒူရိုရဲ့နောက်ထပ် မဟာမိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ ရုရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားကို အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘဲ ပြင်ပက ကြားဝင်မှု မရှိဘဲ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခွင့် ပြုရမှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကတော့ အမေရိကန်ရဲ့ လုပ်ရပ်မှာ မိမိတို့ ပါဝင်မှု မရှိကြောင်းနဲ့ နိုင်ငံတကာဥပဒေကို မိမိတို့ လေးစားသင့်ကြောင်း ပြောဆိုထားပါတယ်။

ဒီအတောအတွင်း အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရုရှားသို့ ထွက်ပြေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

တခြား တစ်ဖက်မှာတော့ အာဂျင်တီးနား၊ အီကွေဒေါနဲ့ ယူကရိန်းတို့က အမေရိကန်ရဲ့ လုပ်ရပ်တွေကို အပြည့်အဝ ထောက်ခံထားပါတယ်။

အာဂျင်တီးနားသမ္မတ ဂျာဗီယာ မီလေးက လွတ်လပ်မှု ရေရှည်တည်တံ့ပါစေလို့ ပြောထားပါတယ်။

ထရန့်က ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် ဖြစ်တယ်လို့ စွပ်စွဲပြီး လနဲ့ချီ ဖိအားပေးပြီးနောက် အခုလိုမျိုး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားဟာ ရေနံ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် နိုင်ငံသားတွေ ဆင်းရဲနေပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပေမယ့် မာဒူရိုက နည်းလမ်း အမျိုးမျိုးသုံးပြီး ၂၀၁၃ ခုနှစ်ကတည်းက အာဏာ ဆက်လက် စွဲကိုင်ထားခဲ့တာ ဖြစ်ပါတယ်။

Ref:Center News/Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.