ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၅

ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို သိမ်းယူမယ်လို့ ပြောကြားပြီး ခြိမ်းခြောက်နေမှုတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ဒိန်းမတ် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်က ဂရင်းလန်းကို သိမ်းယူဖို့လိုအပ်ကြောင်း ပြောဆိုတာ လုံးဝ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဒိန်းမတ် နိုင်ငံတော်ထဲရှိ နိုင်ငံသုံးနိုင်ငံကို အမေရိကန်က သူတို့ ပိုင်နက်ထဲ သွပ်သွင်းပိုင်ခွင့် မရှိကြောင်းဝန်ကြီးချုပ် မက်တီ ဖရက်ဒါရီကဆန်က ပြောပါတယ်။

ထရန့်ရဲ့ လက်ထောက် အရာရှိတွေထဲက တစ်ယောက် ဖြစ်တဲ့ စတီဖန် မီလာရဲ့ ဇနီး ကေတီ မီလာက မကြာခင်ဆိုတဲ့ စကားလုံးနဲ့အတူ ဂရင်းလန်း မြေပုံတစ်ခုကို အမေရိကန်အလံနဲ့ လူမှုမီဒီယာမှာ ဖော်ပြခဲ့ ပြီးနောက် ဝန်ကြီးချုပ် မစ္စစ် ဖရက်ဒါရီကဆန်က အခုလိုမျိုး တုံ့ပြန်လာတာပါ။

ဂရင်းလန်းဟာ မဟာဗျူဟာမြောက် နေရာမှာ တည်ရှိပြီး သဘာဝအရင်းအမြစ် ကြွယ်ဝမှုကြောင့် အမေရိကန်ပိုင်နက်ထဲ သွပ်သွင်းမယ်လို့ ထရန့်က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

အခုလို ပြောဆိုချက်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ အရမ်းတိုက်ရိုက်ကျတဲ့ ဖြေရှင်းမှုတွေ ပြုလုပ်ထားတယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ဒိန်းမတ်အစိုးရ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဂရင်းလန်း ဒေသဆီ အမေရိကန်ကို ဝင်ရောက်ခွင့်ပြုထားတဲ့ ကာကွယ်ရေး သဘောတူညီမှု တစ်ရပ် ဒိန်းမတ် အစိုးရက ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သူက ပြောပါတယ်။

ဂရင်းလန်း ဒေသဟာ ရောင်းဖို့အတွက် မဟုတ်ဘူးဆိုတာ ဒိန်းမတ်က အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ရာဇဝင်အရ နီးကပ်တဲ့ မဟာမိတ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ ဒိမ်းမတ် ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

မိမိတို့နှစ်နိုင်ငံဟာ မဟာမိတ်တွေ ဖြစ်ပြီး မိမိတို့ရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို လေးစားဖို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးကလည်း စောစောပိုင်းက ပြောဆိုထားပါတယ်။

ဗင်နီဇွဲလားကို အမေရိကန်က ကြီးကြီးမားမား တိုက်ခိုက်ပြီး သမ္မတ မာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီးနောက် အခုလိုမျိုး အပြန်အလှန် ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားကို အမေရိကန်က ထိန်းချုပ်သွားမှာ ဖြစ်ပြီး အမေရိကန် ရေနံကုမ္ပဏီတွေက ဗင်နီဇွဲလား အတွက် ဝင်ငွေတွေ ရှာပေးသွားမှာ ဖြစ်ကြောင်း ထရန့်က နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

အာတိတ်ဒေသရှိ ကျယ်ပြန့်တဲ့ ကျွန်းတစ်ကျွန်း ဖြစ်တဲ့ ဂရင်းလန်းကို ထိန်းချုပ်ရေး အင်အားသုံးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတက အရင်က ပြောဆိုခဲ့ဖူးပါတယ်။

ဂရင်းလန်းဟာ ဗျူဟာမြောက် နေရာမှာ တည်ရှိပြီး နည်းပညာမြင့်လုပ်ငန်း နယ်ပယ်အတွက်လိုအပ်တဲ့ သဘာဝအရင်းအမြစ်တွေ အများကြီး ရှိတာကြောင့် အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် သိမ်းယူမယ်လို့ ထရန့်က ပြောကြားခဲ့ပါတယ်။

ထရန့်အစိုးရက ဂရင်းလန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် တစ်ဦးကို မကြာသေးခင်က ခန့်အပ်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် ဒိန်းမတ်က ဒေါသထွက်ခဲ့ပါတယ်။

လူဦးရေ ၅၇၀၀၀ ရှိတဲ့ ဂရင်းလန်း ဒေသဟာ ၁၉၇၉ ခုနှစ်ကတည်းက ကိုယ်ပိုင် အုပ်ချုပ်လာခဲ့တာ ဖြစ်ပေမယ့် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေက ဒိန်းမတ် အစိုးရ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

ဂရင်းလန်း ပြည်သူ အများစုက နောက်ဆုံးမှာ ကိုယ်ပိုင် လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ ဆန္ဒရှိနေပေမယ့် အမေရိကန်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာကိုတော့ အများစုက သဘောမတူကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.