ဝါရှင်တန်၊ ကာရာကတ်စ်၊ ဇန်နဝါရီ ၃
ဗင်နီဇွဲလားကို ဇန်နဝါရီ ၃ ရက်မှာ ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အတည်ပြုပြီး သမ္မတ နီကိုလာ့စ် မာဒူရိုနဲ့ သူ့ရဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီလို့ ပြောလိုက်ပါတယ်။
သမ္မတ မာဒူရိုကို ဗင်နီဇွဲလားကနေ လေကြောင်းနဲ့ သယ်ထုတ်လာပြီလို့လည်း ထရန့်က ပြောပေမယ့် အသေးစိတ် အခြေအနေ ထွက်ပေါ်မလာသေးပါဘူး။

ဗင်နီဇွဲလားက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ရေးအရ ရန်စ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ ပယ်ချထားပေမယ့် ထရန့်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မတုံ့ပြန်သေးပါဘူး။
ကာရာကတ်စ်မြို့မှာ ပေါက်ကွဲသံတွေ အများကြီး ကြားရကာ ဒေသခံတွေ ထိတ်လန့်ခဲ့ရပြီးနောက် ထရန့်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မာဒူရိုဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင်နေတယ်လို့ အမေရိကန်က စွပ်စွဲပြီး ဗင်နီဇွဲလားက ထွက်လာတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသင်္ဘောတွေကို တိုက်ခိုက်နေသလို ဗင်နီဇွဲလား ရေနံသင်္ဘောတွေကိုလည်း ပိတ်ဆို့မှု ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မာဒူရိုကို အမေရိကန် စစ်တပ်ရဲ့ ထိပ်တန်း အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ ဖြစ်တဲ့ Delta Force တပ်ဖွဲ့က ဖမ်းဆီးထားတာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
မာဒူရိုကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက် ပေးနိုင်သူအတွက် ဆုတော်ငွေ ဒေါ်လာ သန်း ၅၀ ပေးမယ်လို့ အမေရိကန်အစိုးရက ကြေညာထားပြီး ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှု ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဖလော်ရီဒါပြည်နယ်ရှိ မိမိနေအိမ်မှာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ထရန့်က လူမှုမီဒီယာမှာ ဖော်ပြထားတာကြောင့် မကြာခင် အသေးစိတ် အကြောင်းအရာတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
မူးယစ်ဆေးမှောင်ခိုကူးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေးဖို့ ဗင်နီဇွဲလားက လမ်းဖွင့်ထားကြောင်း မာဒူရို ပြောကြားခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို အီရန်က ချက်ချင်းဆိုသလို ပြစ်တင် ရှုတ်ချထားပါတယ်။
Ref:Agencies

