နယူးယောက်၊ ဇန်နဝါရီ ၃
အီလွန်မက်စ် ပိုင်ဆိုင်တဲ့ Starlink ကုမ္ပဏီရဲ့ ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ အလျင်အမြန် တိုးချဲ့ ချထားမှုကြောင့် တစ်ကမ္ဘာလုံးကို လုံခြုံရေး ဘေးကင်းရေး စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ တရုတ်က ကုလသမဂ္ဂကို သတိပေးလိုက်ပါတယ်။
အာကာသထဲမှာ စီးပွားဖြစ် လုပ်ဆောင်ချက်တွေ၊ စီးပွားဖြစ် ဂြိုဟ်တုတွေ ပိုများလာမှုတို့ကို ဘယ်နိုင်ငံကမှ စစ်ဆေးမှု မရှိသလို ဥပဒေ စည်းကြပ်မှုလည်း မရှိတာကြောင့် လုံခြုံရေး ဘေးကင်းရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိလာစေတယ်လို့ တရုတ် သံတမန်က အလွတ်သဘောကျင်းပတဲ့ ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောလိုက်တာပါ။

၂၀၂၁ ခုနှစ်မှာ တရုတ် အာကာသစခန်းနဲ့ Starlink ဂြိုဟ်တုတွေ တိုက်မိလုနီးပါး ဖြစ်တဲ့ ဖြစ်ရပ်တွေ အပါအဝင် ဖြစ်စဉ်တွေ အများကြီးကို ကိုးကားပြီး တရုတ်သံတမန်က အခုလိုမျိုး သတိပေးတာ ဖြစ်ပါတယ်။
ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီ ပိုင်ဆိုင်တဲ့ Starlink ဂြိုဟ်တု အများအပြားကို ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းသို့ ရွှေ့ပြောင်းမှု ပိုများလာတာကြောင့် အာကာသထဲမှာ တိုက်မိမှု ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ပိုများလာတယ်လို့ တရုတ်က ပြောပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဂြိုဟ်ပတ်လမ်းထဲမှာ ဂြိုဟ်တုတွေ အလျင်အမြန် များပြားလာမှုကြောင့် အချင်းချင်း တိုက်မိနိုင်တဲ့ အန္တရာယ် ပိုများလာကြောင်း သိရပါတယ်။
သက်ဝင်လှုပ်ရှားနေတဲ့ ဂြိုလ်တု ၁၂၉၅၅ ထဲက ၈၅၀၀ ဟာ ဂြိုလ်ပတ်လမ်း အနိမ့်ပိုင်းမှာ လက်ရှိ သွားလာလည်ပတ်နေတာ ဖြစ်ပါတယ်။
SpaceX က နောက်ထပ် ဂြိုဟ်တု ၁၂၀၀၀ လွှတ်တင်ဖို့ ခွင့်ပြုထားပြီး ဖြစ်တာကြောင့် စုစုပေါင်း ဂြိုလ်တု အလုံးရေ ၄၂၀၀၀ ကျော် ရှိလာဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
အဲဒီ ဂြိုဟ်တု တစ်လုံးစီရဲ့ သက်တမ်းကို ၅ နှစ်ခံနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပြီး ကမ္ဘာ့လေထုထဲ တမင်တကာ ဝင်ရောက်စေပြီး လောင်ကျွမ်း ပျက်စီးသွားစေလို့ ရပါတယ်။
ဒီအတောအတွင်း တရုတ် ကုမ္ပဏီတွေကလည်း ကိုယ်ပိုင် အင်တာနက် ဂြိုဟ်တုတွေ လွှတ်တင်ဖို့ စီစဉ်ထားတာကြောင့် ဂြိုဟ်ပတ်လမ်းထဲမှာ နောက်ထပ် ဂြိုဟ်တုတွေ ပိုများလာဦးမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်း ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ ဂြိုဟ်တုတွေ အလျင်အမြန် ပိုများလာခဲ့တာ ဖြစ်ပြီး အာကာသထဲမှာ စီးပွားဖြစ် လုပ်ဆောင်မှုတွေကို ဥပဒေစည်းကြပ်ဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ တရုတ်က ပြောဆိုထားပါတယ်။
Ref:Independent

