ကာရာကတ်စ်၊ ဝါရှင်တန်၊ ဇန်နဝါရီ ၅
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်အနေနဲ့ မှန်တဲ့အရာကို မလုပ်ရင် မာဒူရိုထက်ပို ကြီးမားတဲ့ ပေးဆပ်ရမှုမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတ ထရန့်က ခြိမ်းခြောက်လိုက်ပြီးနောက် သူက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။
ဇန်နဝါရီ ၅ရက် ကျမ်းသစ္စာ ကျိန်ဆိုမယ့် မစ္စစ် ရိုဒရီဂွတ်ဇ်က သူ့ရဲ့ ပထမဆုံး အစိုးရအဖွဲ့အစည်းအဝေးမှာ မိမိတို့ ပြည်သူတွေနဲ့ မိမိတို့ဒေသဟာ ငြိမ်းချမ်းရေး၊ ဆွေးနွေးမှုတွေနဲ့ ထိုက်တန်ပြီး စစ်ပွဲနဲ့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလား ယာယီသမ္မတက အမေရိကန်ကို ဆန့်ကျင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ကနဦး သတင်းထွက်ခဲ့ပြီးနောက်မှာ ထရန့်က အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် မာဒူရိုထက် ပိုကြီးမားတဲ့ ပေးဆပ်ရမှုမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် နောက်ထပ် တိုက်ခိုက်နိုင်ခြေရှိတယ်လို့လည်း ထရန့်က ခြိမ်းခြောက်ခဲ့တာပါ။

ဒီအတောအတွင်း အမေရိကန်က ဖမ်းဆီးထားတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို နယူးယောက် တရားရုံးမှာ ရုံးတင် စစ်ဆေးဖို့ စီစဉ်ထားပါတယ်။
မာဒူရိုကို အမေရိကန်က မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ စွဲချက်တင်မှာ ဖြစ်ပြီး သူက အဲဒီ စွဲချက်တွေကို ပယ်ချထားပါတယ်။
ဇန်နဝါရီ ၃ ရက်က အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ ရင်ဆိုင်ခဲ့ရတာမဟုတ်ဘဲ မူးယစ်ဆေးဝါး အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
အမေရိကန် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး မာဒူရိုကို ဖမ်းဆီးချိန်မှာ သူ့ရဲ့ ဇနီးသည်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါတယ်။
မာဒူရိုရဲ့ဇနီး စီလီယာ ဖလောရက်စ်ဟာ ဗင်နီဇွဲလားမှာ သြဇာ အကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်တယ်လို့ ရှုမြင်ခံထားရတာ ကြာပြီ ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ သမ္မတ ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရပြီးနောက် အာဏာဆက်လက် ဆုပ်ကိုင်ထားလို့ရ အောင် ကူညီပေးခဲ့ပါတယ်။
စီလီယာ ဖလောရက်စ်လည်း သူ့အမျိုးသားနဲ့အတူ နယူးယောက် တရားရုံးမှာ မူးယစ်ဆေးဝါး၊ လက်နက် တွေနဲ့ဆိုင်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ကျူးဘားက မာဒူရိုကို အမေရိကန် ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးအတွင်း သူတို့ နိုင်ငံသား ၃၂ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။
Ref:BBC

