ဘေဂျင်း၊ ဇန်နဝါရီ ၅
ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် ဘယ်နိုင်ငံကမဆို ကမ္ဘာ့ တရားသူကြီးလို လုပ်ဆောင်နေတာကို မိမိတို့ လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံတစ်နိုင်ငံက သူတို့ဟာ ကမ္ဘာ့ တရားသူကြီးပါလို့ ပြောဆိုတာမျိုး ဒါမှမဟုတ် ကမ္ဘာ့ရဲတပ်ဖွဲ့လို လုပ်ဆောင်နေတာမျိုးကို မိမိတို့ လက်မခံနိုင်ဘူးလို့ ဝန်ကြီး ဝမ်ယိက ဘေဂျင်းမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက် ဒါးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူက အမေရိကန်ကို နာမည်တပ်ပြီး အဲဒီလို ပြောဆိုတာ မဟုတ်ဘဲ ဘယ်နိုင်ငံမဆို ဆိုတဲ့ စကားလုံးကို သုံးသွားတာ ဖြစ်ပါတယ်။
နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို နိုင်ငံတကာ ဥပဒေအရ အပြည့်အဝ ကာကွယ်သင့်ကြောင်းလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် မာဒူရိုကို မျက်လုံးတွေကို ဖုံးထားပြီး လက်ထိပ်တန်းလန်းနဲ့ အမေရိကန်က ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် ဝမ်ယိက ပထမဆုံးအနေနဲ့ အခုလိုမျိုး ပြောကြားလာတာပါ။

၂၀၂၃ ခုနှစ်မှာ ဆော်ဒီအာရေးဗီးယားနဲ့ အီရန်ကြား မထင်မှတ်ဘဲ ပြန်လည် ချဉ်းကပ်မှု ဖြစ်လာအောင် ကြားဝင်ညှိနှိုင်းခဲ့ပြီးနောက် ဘေဂျင်းက သံတမန်ရေး အင်အားကြီးသူ ဖြစ်လာဖို့ ရည်မှန်းထားကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေမှာ အပြုသဘော ပါဝင်ဖို့ ကတိပြုထားပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေမှာ တန်းတူ ဆွေးနွေးလို့ ရနေတာကြောင့် ဘေဂျင်းဟာ ယုံကြည်မှု ပိုများလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်က ဗင်နီဇွဲလားကို လနဲ့ချီ ဖိအားပေးနေချိန် တရုတ်က ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စေလွှတ်ကာ ဗင်နီဇွဲလားဖက်ကနေ ရပ်တည်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာ အမေရိကန်က မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ နီးပါးကြာ သံတမန် ဆက်ဆံရေးအတွင်း ဗင်နီဇွဲလားက မှီခိုအားကိုးရတဲ့ မိတ်ဆွေနိုင်ငံ ဖြစ်လာအောင် ကြိုးပမ်းနေတဲ့ တရုတ်အတွက် အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ကာရာကတ်စ် အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားချိန်မှာ ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်က ဗင်နီဇွဲလားကို စီးပွားရေးအရ အသက်ဆက်ပေးခဲ့ပါတယ်။
ဗင်နီဇွဲလားဆီက တရုတ် ဝယ်ယူခဲ့တဲ့ ကုန်ပစ္စည်းတွေရဲ့ ထက်ဝက်ဟာ ရေနံစိမ်းတွေ ဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref:Reuters

