ကာရာကတ်စ်၊ ဇန်နဝါရီ ၂
ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဆန့်ကျင်ဖိအားပေးမှု ပိုများလာချိန်မှာ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမေရိကန်နိုင်ငံသားတွေကို ဆက်တိုက် ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်း ရှိနေပြီလို့ အမေရိကန်အရာရှိ တစ်ဦးက ပြောပါတယ်။
အမေရိကန် နိုင်ငံသား တစ်ဦးချင်း ဖမ်းဆီးခံရတဲ့ အခြေအနေတွေက အမျိုးမျိုး ဖြစ်ပြီး တချို့ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေမှာ ပါဝင်နေတာ ဖြစ်နိုင်တယ်လို့ အဲဒီ အမေရိကန် အရာရှိက ပြောပါတယ်။

အမေရိကန် နိုင်ငံသားတွေ ဗင်နီဇွဲလားမှာ ဘာလုပ်ခဲ့သလဲ၊ ဖမ်းဆီးခံရချိန်မှာ ဘာတွေဖြစ်နေသလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို အမေရိကန် အရာရှိတွေက စုဆောင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ကို ပြန်လည် ဖိအားပေးနိုင်ဖို့ မာဒူရိုအစိုးရက အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမေရိကန် အရာရှိတွေက ဆိုပါတယ်။

အမေရိကန်က ဗင်နီဇွဲလားက ထွက်လာတဲ့ မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေပြီး ဆိပ်ကမ်း အဆောက်အဦ တစ်ခုကိုလည်း CIA က တိုက်ခိုက်ခဲ့ပါတယ်။
မူးယစ်းဆေးဝါး ဂိုဏ်းခေါင်းဆောင် မာဒူရိုအနေနဲ့ အာဏာ စွန့်လွှတ်တာက ဉာဏ်ကောင်းတဲ့ လုပ်ရပ် ဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။
ဒီလုပ်ရပ်တွေဟာ အမေရိကန်နဲ့မော်စကို တင်းမာမှု မြင့်တက်နေချိန်မှာ အမေရိကန် နိုင်ငံသားတွေကို ရုရှားက ဖမ်းဆီးမှုနဲ့ အလားသဏ္ဍာန် တူနေတယ်လို့ အမေရိကန် အရာရှိတွေက ဆိုတာပါ။
အမေရိကန် နိုင်ငံသားတွေ ဗင်နီဇွဲလားမှာ ဆက်တိုက် ဖမ်းဆီးခံနေရမှုနဲ့ ပတ်သက်လို့ မှတ်ချက် ပြုပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
မာဒူရို အစိုးရဟာ တရားမဝင် အစိုးရ ဖြစ်ပြီး သူဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးနေသူ ဖြစ်တယ်လို့ ထရန့် အစိုးရ အရာရှိတွေက စွပ်စွဲထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို အရေးယူ ပိတ်ဆို့ထားသလို တခြား ဘဏ္ဍာရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေလည်း ပြုလုပ်ထားပါတယ်။
ဒီဇင်ဘာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မာဒူရိုရဲ့တူတွေ အပါအဝင် မိသားစုဝင် တွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဗင်နီဇွဲလား ဆိပ်ကမ်း အဆောက်အဦ တစ်ခုကိုလည်း အမေရိကန် CIA က ဒရုန်းနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့ ပါတယ်။
ဗင်နီဇွဲလား အစိုးရရဲ့ လက်ရှိ လုပ်ရပ်တွေကို အမေရိကန်က သည်းမခံနိုင် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
ထရန့်က မာဒူရို အော်ငိုရတဲ့အထိ ဖိအားပေးဖို့ စဉ်းစားထားကြောင်း အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ မာဒူရို အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ပြီးနောက် လူရာပေါင်းများစွာကို ဗင်နီဇွဲလား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်မှာတော့ ဗင်နီဇွဲလား အကျဉ်းထောင်တွေက ပြန်လွတ်လာသူတွေ အများကြီး ရှိတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ အမေရိကန် နိုင်ငံသား တစ်ယောက်မှာ မပါဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။
Ref: CNN

