ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁

ရွေးကောက်ပွဲ ပထမအသုတ် ကျင်းပပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အာဆီယံက လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့အစည်း တစ်ခုခုကို အချိန်မတိုင်ခင် တရားဝင် အသိအမှတ်ပြုရာ ရောက်စေမယ့် လုပ်ရပ်မျိုးကိုလည်း ရှောင်ရှားသွားမှာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲက စစ်တပ် အာဏာ ထိန်းချုပ်ထားမှုကို သက်တမ်း တိုးပေးသလို ဖြစ်နေတယ်လို့ ဒီမိုကရေစီ စောင့်ကြည့်သူတွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ပထမအသုတ်မှာ စစ်တပ်ကိုယ်စား ပါတီ ကြံ့ခိုင်ရေးက အပြတ်အသတ် အနိုင်ရကြောင်း သတင်းထွက်ပေါ်နေချိန်မှာ ဝန်ကြီးချုပ် အန်ဝါက အခုလိုမျိုး ပြောကြားလိုက်တာပါ။

စစ်ခေါင်းဆောင်တွေက ပြည်သူလူထုဆီ အာဏာပြန်ပေးမယ်လို့ ပြောပြီး ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ပထမအသုတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နှစ်ကုန်အထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူသွားမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါက အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို သတိထား စောင့်ကြည့်သွားမယ် လို့ ပြောပါတယ်။

နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေကို သတိထား စောင့်ကြည့်မယ်လို့လည်း သူက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲနဲ့ အနောက်တိုင်း သံတမန်တွေက စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲကို ရှုတ်ချထားပါတယ်။

ရွေးကောက်ပွဲ ပထမအသုတ်မှာ မဲပေးသူ ၅၂ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၁၀၂ နေရာမှာ ၈၂ နေရာ အနိုင်ရထားကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောထားချိန်မှာ အာဆီယံ ဥက္ကဋ္ဌရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:TheStraitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.