တိုင်ပေ၊ ဇန်နဝါရီ ၁

ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက မိမိတို့အနေနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ပြီး ကာကွယ်ရေး အင်အား အားပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြောင်း ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။

ဘေဂျင်းအစိုးရက ထိုင်ဝမ်တဝိုက် ၅ နေရာမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ထိုင်ဝမ်ဖက်သို့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ လိုင်ချင်းတီက အခုလိုမျိုး ထုတ်ပြောလာတာပါ။

တိုင်ပေရှိ သမ္မတရုံးက နှစ်သစ်ကူးမိန့်ခွန်း ပြောကြားမှုကို ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး တရုတ်ရဲ့ နယ်မြေ သိမ်းပိုက်လိုမှု ပိုများလာချိန်မှာ ထိုင်ဝမ် ကာကွယ်ရေးအင်အားကို တိုးမြှင့်ရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၄၀ ဘီလီယံအထိ တိုးမြှင့်မယ့် သူ့ရဲ့ အစီအစဉ်ကို ထောက်ခံကြဖို့လည်း လိုင်ချင်းတီက အတိုက်အခံတွေကို တိုက်တွန်း ပြောဆိုပါတယ်။

ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် တိုးမြှင့်ရေး အဆိုပြုထားပေမယ့် အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ တခြား နိုင်ငံရေးကိစ္စတွေနဲ့အတူ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ် မတိုင်ခင် အပြီးသတ် သိမ်းပိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ လိုင်ချင်းတီက တရုတ်က သူ့ရဲ့ ရည်မှန်းချက်တွေကို စီစဉ်ထားတဲ့အတိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်မလား ဆိုတာက ကိစ္စတစ်ခု ဖြစ်တယ်လို့ ဖြေပါတယ်။

၂၀၂၆ ခုနှစ်ဟာ ထိုင်ဝမ်အတွက် အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင်ပြီး ထိုင်ဝမ်အနေနဲ့ အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်သလို အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ထားရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

တရုတ်က ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ အပိုင်ဒေသ တစ်ခု အဖြစ် သတ်မှတ်ထားပြီး ပြန်လည် ပေါင်းစည်းဖို့ လိုအပ်ရင် အင်အားသုံးမယ်လို့ ပြောထားပါတယ်။

ဘေဂျင်းက အချုပ်အခြာ အာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေကို ထိုင်ဝမ်က အကြိမ်ကြိမ် ပယ်ချထား ပါတယ်။

တရုတ်ရဲ့ အင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို ထိုင်ဝမ်က ပြစ်တင် ရှုတ်ချပြီး ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်တာ၊ ပြောင်ပြောင်တင်းတင်း ရန်စတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းမှာ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုကြောင့် ထိုင်ဝမ်မှာ လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး စစ်ရေး လေ့ကျင့်မှုတွေကို စောင့်ကြည့်ဖို့ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ရပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဒသမ ၁ သန်း တန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းချမှာ ဖြစ်ကြောင်း ကြေညာပြီးနောက် ၁၁ ရက်အကြာမှာ တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.