ဝါရှင်တန်၊ ဇန်နဝါရီ ၁

ချီကာဂိုနဲ့ လော့စ်အိန်ဂျယ်လိစ်တို့အပါအဝင် အမေရိကန်ရဲ့ မြို့ တချို့မှာရှိတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။

ရဲလုပ်ငန်းတွေအတွက် စစ်သားတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း နိုင်ငံတော်တရားရုံးက လျှော့ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပိုအားကောင်းတဲ့ အများကြီး ခြားနားတဲ့ ပုံစံနဲ့ မိမိတို့ ပြန်လာမှာ ဖြစ်ကြောင်း၊ ရာဇဝတ်မှုတွေ တစ်ခါပြန် မြင့်တက်လာတော့မှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာပေါ်မှာ နှစ်သစ်ကူး အကြိုနေ့က ရေးသားထား ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ထရန့်အစိုးရက လော့အိန်ဂျယ်လိစ်မြို့ရှိ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ ဆက်လက် ထားရှိခွင့်ရရေး ဥပဒေအရ ကြိုးပမ်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒေသတွင်း ဥပဒေ စည်းကြပ်ရေးအတွက် ချီကာဂိုမှာ ထရန့်အနေနဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ကို သုံးစွဲပိုင်ခွင့် မရှိဘူးလို့ နိုင်ငံတော် တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ထားပါတယ်။

ပေါ့ပ်လန်းနဲ့ အော်ရီဂွန်မှာလည်း အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ ချထားတော့မှာ မဟုတ်ဘူးလို့ ထရန့်က ပြောပေမယ့် တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေဆဲ ဖြစ်တဲ့ ဝါရှင်တန်ဒီစီနဲ့ပတ်သက်လို့ ဆုံးဖြတ်ထားတာ မတွေ့ရသေးပါဘူး။

ဒီမိုကရက်တို့ စိုးမိုးတဲ့ ဒေသတွေဆီ အမျိုးသားလုံခြုံရေး တပ်တွေ စေလွှတ်ဖို့ ထရန့်ရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေအရ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

ပုံမှန်ဆိုရင် တပ်ဖွဲ့ဝင်တွေ ချထားပိုင်ခွင့်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။

ချီကာဂိုနဲ့ပေါ့ပ်လန်းသို့ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ ချထားပြီး ဖြစ်ပေမယ့် တရားရုံးမှာ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် လမ်းမတွေပေါ်မှာ ကင်းမလှည့်ရသေးပါဘူး။

ဥပဒေစည်းကြပ်ရေး၊ ရာဇဝတ်မှု နှိမ်နှင်းရေးနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ နှိမ်နှင်းရေး တပ်ဖွဲ့ ဝင်တွေ ချထားဖို့ လိုအပ်တယ်လို့ ထရန့်က ပြောထားပါတယ်။

တပ်ဖွဲ့ဝင်တွေ ချထားဖို့ မလိုအပ်ဘူးလို့ ဝေဖန်သူတွေက ဆိုပြီး ထရန့်ဟာ ဒီမိုကရေစီကို အားလျော့စေတဲ့ အာဏာရှင်လို နှိမ်နှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ကြိုဆိုခဲ့ကြပြီး ထရန့်ရဲ့ လုပ်ရပ်ကို ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ချီကာဂိုသို့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေ ချထားခွင့် မရှိဘူးလို့ နိုင်ငံတော် တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားမဝင် ရန်စမှုတွေ ရန်လိုမှုတွေ အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆွန်က ပြောကြားပြီး နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးပါတယ်။

အမေရိကန် မြို့တွေက တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းတော့မှာ ဖြစ်ကြောင်း ထရန့်ရဲ့ ကြေညာချက်ဟာ “မင်းငါ့ကို ထုတ်ပယ်လို့ မရဘူး ငါ့ဟာငါ ထွက်တာ”ဆိုတဲ့ နိုင်ငံရေးပုံစံ တစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

ချီကာဂို မြို့တော်ဝန် ဘရန်ဒန် ဂျွန်ဆင်ကလည်း နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ဗဟို အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.