ကျိုက်မရော ၊ နိုဝင်ဘာ ၈
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အပါအဝင် နိုင်ငံတဝန်းရှိ လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ စစ်အစိုးရ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လစ်လပ်နေတဲ့ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် မြို့ပေါ်ရပ်ကွက် ၄ ခုနဲ့ ကျေးရွာအုပ်စု ၂၀ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျိုက်မရောမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စု ရှိနေပြီး ကျေးရွာအုပ်စု ၂၄ အုပ်စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် ရာခိုင်နှုန်းအနေနဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ရွေးကောက်ပွဲ မကျင်းပနိုင်တာပါ။
ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကျေးရွာတွေနဲ့ စစ်တပ်ဘက်က အပြည့်အဝလုံခြုံရေး မပေးနိုင်တဲ့ ကျေးရွာတွေ အများဆုံးပါဝင်နေပါတယ်။
အမျိုးသား အကျိုးစီးပွား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးသန့်ဇော်ကတော့ ကျိုက်မရောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် မဲရုံနယ်မြေ သတ်မှတ်ပြီး နယ်မြေ မျှတရင် ဝင်ပြိုင်သင့်ရင် ဝင်ပြိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်က မဲရုံနယ်မြေတွေ နောက် ရွေးမယ့် နယ်မြေတွေပေါ့ သတ်မှတ်ရဦးမှာပေါ့။သတ်မှတ်ပြီးတဲ့ အခါကျမှ ဘာမှ မထူးရင်တော့ ရှင်းရှင်း ပြောရင်တော့ဗျာ ဘာလုပ်မှာလည်း ဝင်မပြိုင်ဘူးပေါ့။ ဘာပဲပြောပြော နယ်မြေ မျှတတယ် ဆိုရင်တော့လည်း ပြိုင်သင့်ရင်လည်း ပြိုင်မှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ကျိုက်မရောမြို့နယ်ရဲ့ တချို့ နေရာတွေမှာ နယ်မြေ လုံခြုံမှု မရှိသလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း မကျင်းပ နိုင်တဲ့ နေရာတွေ ရှိတာကြောင့် လုံခြုံရေးအပိုင်း အပါအဝင် တခြား ကိစ္စတွေ ဆွေးနွေးပြီးမှသာ ပါတီအနေနဲ့ ဝင်ပြိုင် မပြိုင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် နိုင်ငံရေးပါတီ ခြောက်ခုက ကိုယ်စားလှယ် ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး USDP ပါတီက ကိုယ်စားလှယ် ဦးမျိုးမြင့် အနိုင်ရရှိခဲ့ပါတယ်။
ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အမတ် ဦးမျိုးမြင့်ဟာ စစ်အစိုးရရဲ့ ဆောက်လုပ်ရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားတာကြောင့် လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်နေ့ ကျင်းပသွားမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၃၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၅ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၁၆ နေရာ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

