ပုလောမှာ စစ်တပ်လေကြောင်းဗုံးကြဲမှု အရပ်သားသုံးဦးသေဆုံး

ပုလော၊ နိုဝင်ဘာ ၈

တနင်္သာရီတိုင်း ပုလောမြို့နယ် မဇောကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ မဇောကျေးရွာကို လေယာဉ် လေးစီးနဲ့ တစ်ပြိုင်တည်း ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် မဇောကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ မသန်စွမ်းသူ အမျိုသား တစ်ဦးနဲ့ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံကတော့ ဒီဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုအတွင်း နေအိမ် တစ်လုံး၊ မူကြိုစာသင်ကျောင်း တစ်ကျောင်း၊ ဆိုင်ကယ်တစ်စီး ထိမှန်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် လေးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.