ကျိုက်ထို၊ နိုဝင်ဘာ ၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) တပ်ရင်း ၃ ဌာနချုပ်ရုံးကို အာဏာသိမ်း စစ်တပ် သိမ်းပိုက်ရရှိခဲ့တယ်လို့ နယ်မြေခံ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU/KNLA တပ်မဟာ (၁) တပ်ရင်း ၃ ဌာနချုပ်ရုံးကို နိုဝင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ KNLA တပ်ရင်း ၃ ဌာနချုပ်ရုံးကို အာဏာသိမ်း စစ်တပ်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာကြောင့် ယာယီဆုတ်ခွာပေးတဲ့ သဘောသာ ဖြစ်ပြီး စစ်ကြောင်းမဝင်ကတည်းက ဌာနချုပ်ရုံး ရွှေ့ပြောင်းထားပြီလို့ ဆိုပါတယ်။
KNLA တပ်ရင်း ၃ ဌာနချုပ်ရုံးကို အာဏာသိမ်း စစ်တပ်ဘက်က သိမ်းပိုက်စဉ် လက်လုပ်မိုင်းတချို့နဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စခန်းအဆောက်အဦးတွေကိုတော့ မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
KNLA တပ်ရင်း ၃ ဌာနချုပ်ရုံး သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ ခမောက်ခွေကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ ကျေးရွာတွေနဲ့ KNU ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို အင်အား ၁၂၀၀ လောက်နဲ့ အပြင်းအထန် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ကျိုက်ထိုမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဇီးပြောင်းကျေးရွာတွေ၊ ဝင်းကံ၊ ကျောက်ရေတွင်း၊ ခရွဲ၊ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

