မွန်မှာ ရာမညမွန်တပ်တော် တိုက်ပွဲ ဖော်ဆောင်လာ

ရေး ၊ နိုဝင်ဘာ ၇

မွန်တော်လှန်ရေးတပ်များစွာရှိတဲ့ထဲက ပြီးခဲ့တဲ့ အောက်တိုဘာလ တိုက်ပွဲဖြစ်ပွားမှုအတွင်း မွန်ပြည်သစ်ပါတီ NMSP-AD ရဲ့ ရာမညမွန်တပ်တော်က မွန်ဒေသမှာ တိုက်ပွဲအများဆုံး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ RICE ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

တိုက်ပွဲအခြေအနေတွေကို ကြည့်မယ်ဆိုရင် ရာမညမွန်တပ်တော် RMA က ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ရှိ စစ်တပ်စခန်း နှစ်ခုကို ရက်ပိုင်းအတွင်း ဆက်တိုက် တိုက်ခိုက်ခဲ့သလို ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။

အောက်တိုဘာ ၂၄ ရက်က ရေးမြို့နယ် အစင်ကျေးရွာအနီးရှိ မြို့ဟောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ရာမညမွန်တပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် တပ်သားသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ကျိုက်မရောမြို့နယ် ကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်အင်အား ၄၀ လောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး ရာမညမွန်တပ်တော်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

အလားတူ အဲဒီရက် မနက် ၉ နာရီလောက်မှာလည်း ရေးမြို့နယ် ဒူးရားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ကို ရာမညမွန်တပ်တော်က မိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီမတိုင်ခင် အောက်တိုဘာ ၁၂ ရက်ကနေ ၁၄ ရက်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု ပုလိန်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ မွန်-ကရင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်သား ၃၀ ဝန်းကျင် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပြီး မွန်-ကရင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ် သုံးလက်နဲ့ ကျည်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော်က ထုတ်ပြန်ထားတာပါ။

ဒါဟာ မွန်ဒေသအနှံ့အပြားမှာ ရာမညမွန်တပ်တော်က နယ်မြေစိုးမိုးမှု ကျယ်ပြန့်ကြောင်း ပြသနေတယ်လို့ RICE က သုံးသပ်ထားပေမယ့် မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကိုတော့ ဒီကနေ့တိုင် ဆင်နွှဲနိုင်ခြင်းမရှိသေးတာ တွေ့ရပါတယ်။

ရေးမြို့နယ် ဒေသခံတစ်ဦးက တိုက်ပွဲကြီးကြီးတွေ ဖော်ဆောင်ဖို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက အားနည်းချက်တွေ ရှိနေသလို လူထုနစ်နာမှာကို ချင့်ချိန်ပြီး လုပ်နေရတာလို့ သူ့အမြင်ကို ပြောပါတယ်။

“အင်အားကြီးကြီးမားမား နောက် ငွေအင်အား လက်နက်အင်အား ဘာညာဆိုတာကလည်း သူတို့မှာ သိပ်ပြီး နည်းနည်း အားနည်းနေတော့ အဲဒီလို ပုံစံဖြစ်နေတယ်။ နောက် လုပ်ပြန်ရင်လည်း ဒီက ပြည်သူလူထုတွေ နစ်နာမှာလည်း သူတို့က ချင့်ချိန်ပြီး လုပ်နေရတဲ့ ပုံစံရှိတယ်၊ တချို့နေရာဒေသတွေကျတော့။ ပစ်လိုက်ပြီဆို လမ်းပိတ်ဆို့မှုတွေရော စစ်ဆေးမှုတွေ ခြံသွားမရတာတို့ ဘာတို့ဖြစ်မှာကြောက်လို့ သူတို့က နည်းနည်းပါးပါး ထိန်းတာလည်း ရှိတယ်”လို့ ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF က တပ်ရင်းအဝင်ဂိတ်ကနေ စတင်ပြီး ပျောက်ကြားနည်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

RICE ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလအတွင်း မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရှိ ဆက်စပ်ဒေသက ၁၄ မြို့နယ်မှာ တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု ၁၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့တာပါ။

အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကျန်ဒေသတွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာနဲ့ ဒရုန်းဗုံးကြဲခဲ့မှုတွေကြောင့် အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဆက်ရှိနေပါတယ်။

ဒီအတွက် မွန်အပါအဝင် ဆက်စပ်ဒေသတွေမှာ အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးအထိ ရှိခဲ့သလို ပြည်သူ့အိုးအိမ် ၂၇ လုံးလောက် ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းအပါအဝင် စစ်ကြောင်းထိုးချိန်နဲ့ အခြားဖမ်းဆီးမှုတွေကြောင့် မတရားဖမ်းဆီးခံရသူ ၁၆ ဦးရှိတဲ့ထဲက ၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေသာမက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနိုင်တဲ့ နေရာတွေမှာပါ လုံခြုံရေးသတိပြုဖို့ လိုအပ်ပြီး မူဝါဒချမှတ်သူတွေအနေနဲ့လည်း တိုက်ပွဲထက် အရပ်သားတွေရဲ့ လူသားလုံခြုံရေးကို ဦးစားပေးဖို့ လိုကြောင်း RICE က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.