တစ်ပတ်အတွင်း ကျိုက်ထိုက တော်လှန်ရေးစခန်း လေးခု သိမ်းပိုက်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ တစ်ပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ စခန်း လေးခု သိမ်းပိုက်ခံထားရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အထူးစစ်ဆင်ရေးအဖြစ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ အခြေချလှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား ၁၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ ခမောက်ခွေကျေးရွာအနီးရှိ PDF ယာယီစခန်း၊ နိုဝင်ဘာ ၇ ရက်နေ့မှာ KNLA တပ်မဟာ(၁) တပ်ရင်း(၃) စခန်းနဲ့ SOG တပ်ဖွဲ့စခန်း၊ နိုဝင်ဘာ ၈ ရက်နေ့မှာ NUG ဗျူဟာ ၂၇ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းတွေဟာ စစ်တပ်ဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ယာယီဆုတ်ခွာပေးလိုက်တဲ့ သဘောသာ ဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးနေတဲ့ တစ်ပတ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ထားပါတယ်။

စစ်တပ် စစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)နဲ့ တပ်မဟာ(၃) နယ်စပ်အထိ စစ်ကြောင်းရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့စခန်းတွေ သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNU သထုံခရိုင် ပြောခွင့်ရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၂၇ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.