ဘေဂျင်း၊ ဇန်နဝါရီ ၁
တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ဉာဏ်တုနဲ့လျှပ်တစ်ပိုင်းကူး ပစ္စည်းတို့လို နည်းပညာ လုပ်ငန်းနယ်ပယ်မှာ တရုတ်နိုင်ငံ တိုးတက်လာမှုကို ဒီဇင်ဘာ ၃၁ ရက်မှာ ချီးကျူးလိုက်ပြီး ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ထပ်မံ ကတိပြုလိုက်ပါတယ်။
နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ခွင့်ခဲ့တဲ့ နှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ ရှီကျင့်ဖျင်က စစ်ဖက်ဆိုင်ရာ နည်းပညာနဲ့ အာကာသ လေ့လာရေး အပါအဝင် အဓိက ကဏ္ဍတွေမှာ တရုတ်ရဲ့ တိုးတက်မှုကို ချီးကျူးပါတယ်။

သူမိန့်ခွန်း ပြောကြားချိန်မှာ လူသားပုံစံ စက်ရုပ်တွေ ကွန်ဖူး လေ့ကျင့်နေပုံတွေကနေ ရေအားလျှပ်စစ် စီမံကိန်းတွေကို ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နိုင်ငံ့စီးပွားရေး တိုးတက်ဖို့ ပါဝင်ကူညီခဲ့ကြတဲ့ တရုတ်ပြည်သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း သမ္မတ ရှိက ဆိုပါတယ်။

တရုတ်က ၅ နှစ်တာ ကာလအတွက် စီးပွားရေး အစီအစဉ်တွေ ချမှတ်ထားပြီး နောက် ၅ နှစ်အတွက် စီးပွားရေးအစီအစဉ်တွေကို လာမယ့်မတ်လ လွှတ်တော် အစည်းအဝေးမှာ ချမှတ်သွားမှာ ဖြစ်ပါတယ်။
လျှပ်တစ်ပိုင်းကူး ပစ္စည်းတွေနဲ့ တခြား နည်းပညာမြင့် ပစ္စည်း အသုံးပြုခွင့်ကို အမေရိကန်က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားချိန်မှာ တရုတ်က နည်းပညာနဲ့ သိပ္ပံပညာမှာ ကိုယ်တိုင် အားကိုးနိုင်ရေး အလျင်အမြန် ကြိုးပမ်းနေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်က လက်ခံ ကျင်းပခဲ့တဲ့ အခမ်းအနားတွေ အပါအဝင် ကမ္ဘာ့ စင်မြင့်ထက်မှာ တရုတ်နိုင်ငံ အဆင့်မြင့်လာမှုကိုလည်း ရှီကျင့်ဖျင်က ချီးကျူးပါတယ်။
ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေပေမယ့် တရုတ်က သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်နဲ့ပတ်သက်လို့ ဘေဂျင်းက သိမ်းယူဖို့ ရည်ရွယ်ချက်ရှိကြောင်း ရှီက ထပ်မံ ပြောဆိုပါတယ်။
အမေရိကန်က ထိုင်ဝမ်သို့ စံချိန်တင် လက်နက် ရောင်းချမယ့် အစီအစဉ် ထွက်ပေါ်လာပြီးနောက် တရုတ်က ထိုင်ဝမ်တဝိုက် နေရာ ၅ နေရာမှာ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက အဲဒီ စစ်ရေး လေ့ကျင့်မှုတွေကို ပြစ်တင် ရှုတ်ချပေမယ့် ပဋိပက္ခ အရှိန်မြင့်မလာစေဘဲ၊ ရန်စမှုတွေ မလုပ်ဘဲနဲ့ တာဝန်ရှိသလို တုံ့ပြန်မယ်လို့ ပြောပါတယ်။
စစ်ရေး လေ့ကျင့်မှု အပြီးမှာ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အချိန်ကာလ တစ်ခုမှာ ဖြစ်လာမှာကို တားဆီးလို့ မရဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်က စစ်ရေး လေ့ကျင့်မှုအတွင်း ထိုင်ဝမ်ဖက်ကို ဒုံးကျည် ၂၇ စင်း ပစ်ခတ်ခဲ့ပြီး ထိုင်ဝမ် ကမ်းရိုးတန်းရဲ့ ရေမိုင် ၂၇ မိုင်အတွင်းသို့ ကျရောက်ခဲ့တယ်လို့ တိုင်ပေအစိုးရက ပြောပါတယ်။
ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အကြီးမားဆုံး အန္တရာယ်ဟာ ထိုင်ဝမ် ခွဲထွက်ရေး အင်အားစုတွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ထောက်ပံ့ ကူညီပေးနေတဲ့ ပြည်ပ အင်အားစုတွေ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဆိုတာပါ။
ထိုင်ဝမ် သမ္မတ လိုင်ချင်းတီကတော့ ထိုင်ဝမ်ဟာ ၁၉၃၀ ပြည့်နှစ်တွေက နာဇီ ဂျာမနီရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပ ဒီမိုကရေစီနိုင်ငံတွေနဲ့ တူတယ်လို့ ပြောပါတယ်။
တရုတ်ရဲ့ နယ်မြေ ချဲ့ထွင်လိုမှု ပိုများလာတာနဲ့ ပတ်သက်လို့ သူက သတိပေးပြီး ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်သွားမယ်လို့ ပြောပါတယ်။
Ref:AP

