မော်လမြိုင် ၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတာပါ။

စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ ကို မွန် ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တွေအတွက် ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ဇန်နဝါရီ ၉ ရက်နေ့အထိ ၁၂ ရက်ကြာ မဲဆွယ်ကာလ သတ်မှတ်ပေးထားပါတယ်။

မုဒုံမြို့နယ် ဒေသခံတစ်ဦးကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို မွန်ပြည်သစ်ပါတီ AD က သတိပေးချက် ထုတ်ပြန်ထားတာကြောင့် ပါတီတွေမဲဆွယ်မှု သိပ်မတွေ့ရဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်ခြမ်းမှာကျတော့ ပါတီတွေကို မွန်ပြည်သစ်ပါတီ AD က သတိပေးစာတွေ ဘာတွေ လုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ သိပ်ပြီးတော့ ဒီလှုပ်ရှားမှုတွေ ဘာတွေတော့ သူမပေးလုပ်ထားဘူးလေ။ အဲဒီလို မပေးလုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ ဒီဘက်မှာတော့ ငြိမ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ အရင်လို ပြည်သူတွေကို မဲဆွယ်စည်းရုံးတာမျိုး မတွေ့ရပေမယ့် သူတို့ရဲ့ ပါတီဝင်တွေကို ဟောပြောတာလောက်သာရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်ပါတီတွေဟာ မြို့ပေါ်တွေလောက်မှာသာ သိုသိုသိပ်သိပ် မဲဆွယ်တာ ရှိနေတယ်လို့ ပြောပါတယ်။

“မြို့ပေါ်တွေလောက်ပဲ။ရှိတော့ ရှိတယ်။ သိုသိုသိပ်သိပ်လေးပေါ့။ သိပ်ပြင်းပြင်းထန်ထန်ကြီးတော့ မလုပ်ရဲဘူးလေ။ တစ်ယောက်ပြီး တစ်ယောက် လဲတယ်ဆိုတော့ နည်းနည်း သိုသိုသိပ်သိပ်လေးပေါ့” လို့ ဆိုပါတယ်။

စစ်ကော်မရှင်က သူတို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ မဲဆွယ်နိုင်ဖို့အတွက် လုံခြုံရေး ယူပေးပေမယ့် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေမှာတော့ ပါတီအများစု မဲဆွယ်စည်းရုံးဖို့ ကြောက်ရွံ့ နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း၂ မှာ ပါဝင်တဲ့ မြို့နယ် နှစ်ခု ဖြစ်တဲ့ ဘီးလင်းမြို့နယ်နဲ့ ရေးမြို့နယ် တွေမှာလည်း နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

စစ်ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနိုင်ဖို့နဲ့ ရွေးကောက်ပွဲ အပိုင်း၂ ကျင်းပနိုင်ဖို့အတွက် ဒေသတွင်း မြို့ပေါ် တွေမှာ တပ်ဖြန့်တာ၊ အင်အားအများအပြား အသုံးပြုပြီး စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပါတယ်။

မွန်ပြည်နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများဆုံး အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.