မော်လမြိုင် ၊ ဇန်နဝါရီ ၂

အာဏာသိမ်းမှု ငါးနှစ်နီးပါးရောက်ရှိလာချိန်မှာ စစ်ခေါင်းဆောင်က ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ ပြောပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူ့နှလုံး သိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေဖြစ်အောင် အားထုတ်ဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းလုပ်ဆောင်ရဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ ကျင်းပပြီးစီးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတုအယောင်အဖြစ် သတ်မှတ်ကြေညာထားတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် စစ်ကောင်စီလက်ထက် တွေ့ဆုံဆွေးနွေးမှုကနေ ရရှိလာတဲ့ အချက် ၄၃ ချက်ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကော်မရှင် ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်စဉ်ကို ကြည့်ရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူထုယုံကြည်မှု အကင်းမဲ့ဆုံး ရွေးကောက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ အတုအယောင်ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်ဖြစ်နေတဲ့အပြင် ပြည်သူလူထုကို အတင်း အကြပ် ခြိမ်းခြောက်ဖိအားပေးပြီး လုပ်ဇာတ်ခင်းခဲ့တာကို မျက်ဝါးထင်ထင် တွေ့မြင်ရတယ်လို့ တုံ့ပြန်ထားတာပါ။

ဒါ့အပြင် ပြည်သူလူထုဟာ ဒီကနေ့အထိ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ခါးခါးသီးသီး ငြင်းဆန်သလို စစ်မှန်တဲ့ လူထုတော်လှန်ရေးအပေါ် ယုံကြည်မှု ပြင်းပြထက်သန်နေတယ်လို့ အသိပေးပါတယ်။

စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားပြုမှုနဲ့ အုပ်ချုပ်တဲ့ အစိုးရကိုသာ အလိုရှိကြောင်း ပြည်သူတစ်ရပ်လုံးက ကြွေးကြော်ထားကြပြီး ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၆ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

တစ်ဘက်မှာ ခုခံတော်လှန်စစ်ဟာ စစ်ရေးနည်း၊ နိုင်ငံ‌ရေးနည်းနဲ့ လူထုနည်းတွေကို ပေါင်းစပ်ပြီး ချီတက်ကြရတာဖြစ်တာကြောင့် လူထုယုံကြည်မှု အခိုင်အမာရရှိရေးနဲ့ ညီညွတ်တဲ့ တပ်ဦးအဖြစ် ဦးဆောင်ရေးဟာ အထူးပင်အရေးကြီးလှတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအတွက်ကြောင့် အဲဒါတွေကို သတိမူပြီး ပြည်သူ့နှလုံး သိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေဖြစ်အောင် ကျင့်ကြံအားထုတ်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ပံ့ရေး အကူ အညီတွေ ဆက်လက်ဝိုင်းဝန်းကူညီပြီး စစ်အာဏာရှင် ယန္တရားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက် လက်လုပ်ဆောင်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပပျောက်အောင် သံခင်းတမန်ခင်းတွေ အပါအဝင် အ‌ ရေးယူဒဏ်ခတ်မှုတွေနဲ့ အာဏာရှင်ယန္တရား အဆုံးသတ်အောင် ဆက်လက် ဝိုင်းဝန်းကူညီပေးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အထူးမေတ္တာရပ်ခံတာ ဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကလည်း စစ်အုပ်စုရဲ့ အပိုင်းလိုက် ရွေးကောက်ပွဲတွေကို အချိန်မတိုင်မီ အသိအမှတ်ပြုမှု တရားဝင်ဖြစ်စေတာမျိုးတွေ ရှောင် ကြဉ်ကာ လမ်းကြောင်းတစ်ခုပေါ်လာဖို့ကိုပဲ အဓိကထား စောင့်ကြည့်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

စစ်အုပ်စုနဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးတဲ့ ဘယ်အစိုးရမဆို စစ်အုပ်စုက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ဝင် ယန်ဟီးလီက သတိပေးပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.