ဘားအံ၊ ဇန်နဝါရီ ၂

ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လုံခြုံရေးတိုးမြင့်ချထားပြီး အရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ကစပြီး BGF က တပ်ရင်းတပ်ဖွဲ့တွေအများစုမှာ KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပြီး ဒီလိုပြောင်းလဲတပ်ဆင်အသုံးပြုတဲ့အပေါ် စစ်ကော်မရှင်တပ်က လက်မခံတာ ဖြစ်ပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ BGF ရဲ့ တံဆိပ်ပြောင်းလဲလိုက်မှုအပေါ် စစ်တပ်ဘက်က လက်မခံသလို ဘားအံမြိုပေါ်လာတာလည်း မကြိုက်ဘူးလို့ ဆိုပါတယ်။

တပ်ပြောင်းလဲရေးကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ကော်မရှင်နဲ့ BGF တို့အကြား ဒီဇင်ဘာ ၃၀ ရက်နေ့က ဘားအံမြို့ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပေမယ့် အ ဆင်မပြေဘဲ တင်းမာမှုဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနောက် ညပိုင်းမှာပဲ စစ်ကော်မရှင်တပ်က ဘားအံမြို့ပေါ်မှာရှိတဲ့ တပ်ရင်းဌာနချုပ်တွေမှာ အရေးပေါ်လုံခြုံရေးတပ်လှန့်ထားကြောင်း ဒေသခံတွေနဲ့ စစ်ကော်မရှင်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကော်ရှင်တပ်စစ်ကြောင်းတွေဟာလည်း အခုရက်ပိုင်းအတွင်း ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာတွေဆီကို သွားရောက်နေပြီး လုံခြုံရေးကြိုတင်ချထားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တဖက်မှာလည်း BGF တပ်ဖွဲ့တွေကလည်း ရွှေကုက္ကိုဒေသအတွင်းမှာ လုံခြုံရေးတပ်လှန့်ထားလိုက်ပြီး စစ်ကော်မရှင်တပ်က ရွှေကုက္ကိုအနီးက နေရာတွေမှာ တပ်အင်အားအများအပြား ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ်လော်ဘီတွေရဲ့ ဖော်ပြချက်အရ BGF ကနေ KNA အဖြစ် ခွဲထွက်ဖို့ ဇန်နဝါရီ ၁ ရက်နေ့မှာ မြဝတီမြို့နယ် မြောက်ဘက် သေ့ကတေကျေးရွာမှာ BGF ခေါင်းဆောင်တွေ အစည်း အဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး BGF တပ်ဖွဲ့တွေဟာ KNA အဖြစ် ပြောင်းလဲသွားပေမယ့် စစ်တပ်နဲ့ ပူးပေါင်းကျန်ရှိနေမယ့် BGF တပ်ဖွဲ့တွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ မြဝတီမြို့ပေါ်မှာအခြေစိုက်တဲ့ BGF တပ်နယ် ၄ ဗိုလ်မှူးကြီးစောမုတ်သုန် ဦးဆောင်တဲ့ BGF အမှတ် ၁၀၂၂ တပ်ရင်းဟာ KNA ကို မပြောင်းလဲဘဲ စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိသွားမယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.