မကွေး ဇန်နဝါရီ ၁
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်ကော်မရှင်လက်အောက်ခံတွေဟာ ဒေသခံတွေကို ရွေးကောက်ပွဲအပြီး မှာ ဆက်တိုက်ဖမ်းဆီးတာနဲ့ စျေးဝယ်လမ်းကြောင်း ပိတ်ဆို့တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြီးဆုံးတာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်ကစလို့ ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“အဲဒီရွေးကောက်ပွဲမတိုင်ခင်က သူတို့စခန်းတွေတိုက်ခိုက်ခံရတော့ အုပ်ကြီးတွေကနေတဆင့် မဲလာပေးကြဖို့ မစိုးရိမ်ကြဖို့ လုံခြုံရေးအပြည့်ပေးမယ်လို့အော်တယ်။ နောက်ရက်ကျတော့ ပြည်သူတွေကိုသူတို့ကဖမ်းတော့တာပဲ။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်လက်အောက်ခံတွေက သနပ်ဝ၊ အုတ်ဖို၊ ကျစ်ကိုင်း စတဲ့ကျေးရွာတွေက ပြည်သူ ၃၀ ဝန်းကျင်ကို ဘင်တဲကျေးရွာမှာ ဖမ်းဆီးနှိပ်စက်ပြီး ဝါစိုက်ပျိုးရေးတပ်အတွင်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာ ၃၀ ကျော်ကနေ စျေးဝယ်လာကြတဲ့ ပြည်သူတွေကို စစ်ကော်မရှင်ဂိတ်တွေက စျေးဝယ်ခွင့်မပြုတာ၊ ပါလာတဲ့ ပစ္စည်းတွေကို ဆက်တိုက် သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာ ၂၃ ရက်ကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၁ ရက်နေ့ထိ နှစ်ဖက်အပြန်လှန်ပစ်ခတ်တာတွေရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်

