သထုံ၊ ဇန်နဝါရီ ၁
မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ တပင်ရွေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
အလင်းဝင်လာသူတွေဟာ သထုံဒေသခံတွေဖြစ်တဲ့ အသက် ၂၃ နှစ် အရွယ် အောင်သက်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် ကျော်မင်းစိုးတို့ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ကင်းကျနေချိန် ထွက်ပြေးလာတာပါ။
ထွက်ပြေးလာသူ နှစ်ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး တစ်ဦးကတော့ ထိုင်းဘက်ခြမ်းမှာ အလုပ်သွားလုပ်ဖို့ ဆန္ဒပြုထားပြီး တစ်ဦးကတော့ စစ်တပ်ကို ပြန်တိုက်ဖို့ ဆန္ဒပြုထားတယ်လို့ တပင်ရွေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သား နှစ်ဦးဟာ သထုံမှာ နေထိုင်ချိန် အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူစီးတာနဲ့ လမ်းဘေးမှာ ထိုင်နေချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းခံခဲ့ရတာပါ။
အဲဒီနောက် သံဖြူဇရပ် ဝဲကလိရှိ တတက ၄ စစ်သင်တန်းကျောင်းကို ပို့ခံရပြီး စစ်မှုထမ်းအပတ်စဉ် ၁၆ တက်ရောက်ခဲ့ရပြီးနောက် ရခိုင်စစ်မျက်နှာပြင်သို့ ပို့ဖို့လုပ်ဆောင်နေချိန် ထွက်ပြေးလာကြတာလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

