ဘုတ်ပြင်း၊ ဇန်နဝါရီ ၁
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှာ စစ်ကော်မရှင်တပ် သုံးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ့လည်း ပြည်ကြီးမဏ္ဍိုင်မြို့မရဲစခန်းကုန်းမှာ ရွေးကောက်ပွဲအတွက် အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၄၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း ပြည်ကြီးမဏ္ဍိုင်မြို့ လေညာတံတားစစ်ဆေးရေးအနီးရှိ ငှက်သိုက်အိမ်မှာ မဲရုံပြင်ဆင်နေတဲ့ စစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အရာရှိ အပါအဝင် လုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း/ SOF တပ်ခွဲ၊ ဘုတ်ပြင်း ပကဖ၊ Dragon Squard-TNI တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ မြို့အနီးရှိ ပျဉ်းမချောင်းကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

