တနင်္သာရီ၊ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲကျင်းပမယ့် မြို့အနီးရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဆက်ရှိ‌‌နေတာပါ။

အထူးသဖြင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး‌နေတာကြောင့် တနင်္သာရီမြို့နယ် တစ်ခုထဲမှာပဲ စစ်ဘေးရှောင် ၂၀၀၀၀ ကျော်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၄၇၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အရပ်သားပြည်သူ ၃၈၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တစ်ဖက်မှာလည်း တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ၊ ပုလော၊ ထားဝယ်အရှေ့တောဒသနဲ့ သရက်ချောင်း တောင်ပျောက်တိုက်နယ်တို့မှာ စစ်ကော်မရှင်တပ်က ဆန်၊ ရိက္ခာ၊ စက်သုံးဆီနဲ့ ဆေးဝါးတွေ ကန့်သတ်ထားတာကြောင့် ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ FE5 Thanintharyi တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို စစ်ကော်မရှင်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် စစ်ဘေးရှောင်အများစုဟာ ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရသလို အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၃၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.