မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေ မဲလာပေးကြဖို့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ မော်လမြိုင်၊ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတာပါ။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲလာမပေးမှာကို စိုးရိမ်တဲ့အတွက် အထက်ရဲ့ စေခိုင်းမှုကြောင့် အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတာလို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့တွေဟာ မဲစာရင်းအမှတ်စဉ်တွေကို အိမ်တိုင်ရာရောက် လိုက်လံပေးဆောင်ပြီး ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြဖို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြဖို့ လိုက်လံနှိုးဆော်နေပေမယ့် ပြည်သူအများစု စိတ်ဝင်စားမှု မရှိကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံတွေမှာ လုံခြုံရေး တိုးမြှင့်ထားပြီး မဲရုံအနီး သွားလာတဲ့ ပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။
မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မြို့နယ် ၅ မြို့နယ်အတွက် မဲရုံပေါင်း ၃၃၅ ရုံ ဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၆ သိန်းဝန်းကျင် ရှိတယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

