သရက်ချောင်း၊ ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်မ တော် PDF စခန်းတစ်ခု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဟာ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်နဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ စခန်းကို ဗုံးတစ်လုံး လာရောက်ကြဲချသွားတဲ့အတွက် စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဗုံးကြဲခံရတာကြောင့် PDF ရဲဘော်ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက PDF ရဲဘော်တစ်ဦးဟာ ခြေ ထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
PDF စခန်းကို နေရာအတိအကျ လာရောက်ဗုံးကြဲမှုဟာ ဒလန်သတင်းပေးမှုကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေတာပါ။
နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ ဒေါင်းမင်းစစ်ဆင်းရေးအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
စခန်းဗုံးကြဲခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

