ဘီးလင်း၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစလို့ အလူးလေးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် အလူးလေး၊ အလူးကြီးနဲ့ဖိုးဝါသိမ်ကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာဟာ တိုက်ပွဲမရှိဘဲ ရွာတွေမနေနိုင်အောင် တစ်ဖက်သက်ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း အလူးကြီးကျေးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းထဲ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးသုံးဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဘီးလင်းအခြေစိုက် စစ်ကော်မရှင်တပ်ရင်းတွေကလည်း ဒီဇင်ဘာ ၂၄ ရက်နေ့ကစလို့ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

