မော်လမြိုင် ၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနှင့် ဖွံ့ဖြိုးရေးပါတီကသာ အပြတ်အသတ် အနိုင်ရနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ ကျိုက်မရောမြို့နယ်ရဲ့ ကြိုတင်မဲပေါင်း ၃၂၀၀ ကျော်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေကသာ မဲပေါင်း ၃၁၀၀ ကျော် ရရှိထားပါတယ်။
ကြိုတင်မဲပေါင်း ၃၂၀၀ ကျော်မှာ မွန်ညီညွှတ်ရေးပါတီနဲ့ ပြည်သူ့ပါတီက မဲ ၂၀ နီးပါးစီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့က ၁၀ မဲစီ၊ ကျားဖြူပါတီနဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့က ကြိုတင်မဲရရှိမှု ၁၀ မဲပင်မပြည့်တဲ့ အခြေအနေမှာ ရှိနေတာပါ။
အလားတူ ဒီဇင်ဘာ ၂၈ ရက်နေ့အဖြစ် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊မော်လမြိုင်နဲ့ချောင်းဆုံမြို့နယ်တို့မှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စား လှယ်လောင်းတွေသာ မဲအပြတ်အသတ်နဲ့ အနိုင်ရနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်ကတော့ ကြိုတင်မဲတွေဟာ ကြံ့ခိုင်ရေးပါတီအတွက်သာ ထွင်ထားတာဖြစ်တာကြောင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရတာမဆန်းဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကြိုတင်မဲဆိုကတည်းက ကြံ့ခိုင်ရေးအတွက် ပေးစေချင်လို့ ထွင်ထားတာလေ။ ထွင်ထားတော့ သူတို့ နိုင်တာ မဆန်းပါဘူး။ ဒီလိုပဲ ၂၀၁၀ တုန်းကလည်း ဦးသိန်းစိန်လက်ထက်မှာ အောင်သိန်းက ည ၁၂ နာရီအထိ ဦးသုဝေကို ရှုံးနေတုန်းပဲ။ အဲဒီမှာ ကြိုတင်မဲတွေဆိုပြီး တစ်ထုတ်ပြီးတစ်ထုတ် မနိုင်မချင်းယူလာလိုက်တာ နောက်ဆုံး ဦးသုဝေ ရှုံးပြီးတော့ အောင်သိန်းပဲ နိုင်တယ်ပေါ့။အခုလည်း ကြံ့ခိုင်ရေးက နိုင်တယ်ဆိုတာ မဆန်းပါဘူးလေနော်”လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်တွင်းပြည်ပက ပေးထားတဲ့ ကြိုတင်မဲတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ရေတွက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကြိုတင်မဲ ရလဒ်တွေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်အပြင် တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေမှာပါ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများဆုံး ရရှိထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ် ၅ မြို့နယ်မှာတော့ မဲရုံပေါင်း ၃၃၅ ရုံ ဖွင့်လှစ်ထားသလို မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၆ သိန်းဝန်းကျင် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို တစ်သီး ပုဂ္ဂလကိုယ် စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

