မော်လမြိုင် ၊ ဒီဇင်ဘာ ၂၈

နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာရှင်တွေက သူတို့ ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်လို့ အမြဲတစေ ကြွေးကြော်နေတာပါ။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလို့သာ အမည်ခံထားပေမယ့် တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာတော့ ပြည်သူတွေ တခဲနက် ထောက်ခံအားပေးကြတဲ့ အရင်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီတွေ မပါဝင်ပါဘူး။

အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ ရွေးကောက်ပွဲ ဝင်မပြိုင်ကြပါဘူး။

အကြောင်းကတော့ စစ်ကော်မရှင် ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ပြန်လည်မှတ်ပုံမတင်တဲ့ NLD နဲ့ SNLD တို့ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားပြီး ANP ကတော့ ပြန်လည်မှတ်ပုံတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။

စစ်အာဏာရှင်တွေကတော့ အာဏာသိမ်းမှုကို အကြောင်းပြထားတဲ့ ၂၀၂၀ အထွေထွေရွေးကောက် ပွဲလိုမျိုး မဲမသမာမှုမရှိစေရေး ရည်ရွယ်ချက်နဲ့ မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုပြီး ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။

ပြည်သူလူထုအများစုကတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြဘူးလို့ ထုတ်ပြောထားပြီး ဖိအားတစ်စုံတစ်ရာနဲ့ မဲပေးဖို့ အခြေအနေအထိ ဖြစ်လာခဲ့ရင်တောင်မှ မဲပေးတဲ့ စနစ်ကိုတော့ မယုံကြည်ကြဘူးလို့ ထုတ်ပြောထားကြတာပါ။

“ဘယ်လို စစ်မှန်ပြီး ဘယ်လို တရားမျှတမှာလဲ။ အခုတောင်မှ လူတွေကို တစ်မြို့လုံး ကားတွေနဲ့ ပတ်ပြီး လျှောက်ပြီးခြိမ်းခြောက်နေတာ။ ဒါ စစ်မှန်ပြီး တရားမျှတတာမှ မဟုတ်ဘဲ။ နောက်ပြီးတော့ မဲပေးတဲ့ စနစ်ကလည်း တရားမျှတတဲ့ စနစ်မဟုတ်ဘူးလေ။ ကိုယ်ကြိုက်ရာ ကိုယ်ပေးလို့ရတဲ့ စနစ်မှ မဟုတ်တာ သူတို့ သတ်မှတ်ထားတဲ့ စက်ကိရိယာကို ကိုင်တွယ်ပြီး နှိပ်ရမယ့်ဟာလေ။ အဲဒီက ဘာဆော့ဝဲလ်နဲ့ လုပ်ထားမှန်းလည်း ဘယ်ပြည်သူမှ မသိဘူး”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်း စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်မြေတွေ များစွာရှိနေသလို လုံခြုံရေးကြောင့် ၂၀၂၅ – ၂၀၂၆ အထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီအတွက် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၁၀၂ မြို့နယ် ၊ အပိုင်း ၂ မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ မှာတော့ ၆၃ မြို့နယ် ကျင်းပဖို့ ကြေညာထားပါတယ်။ဒါကြောင့် မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ရွေး ကောက်ပွဲလုံးဝ မကျင်းပနိုင်တဲ့ မြို့နယ် အရေအတွက်ဟာ ၆၅ ခုအထိ စံချိန်တင်နေတာပါ။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ကျင်းပမှာဖြစ်ပြီး အပိုင်းတစ်ခုချင်းစီကို တစ်ပိုင်းနဲ့ တစ်ပိုင်းကြား နှစ်ပတ်စီခြားကာ ကျင်းပသွားဖို့ သတ်မှတ်ကြေညာထားပြီး ဖြစ်ပါတယ်။

မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ကာဇက်စတန်အပါအဝင် ကမ္ဘောဒီးယားနဲ့ ဗီ ယက်နမ်နိုင်ငံက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိလာတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ နိုင်ငံတွေဟာ စစ်ကော်မရှင်ကို လာအသိအမှတ်ပြုတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲစောင့်ကြည့်တယ်ဆိုတဲ့ လူတွေက ရွေးကောက်ပွဲလာစောင့်ကြည့်တာ မဟုတ်ပါဘူး။ စစ်ကော်မရှင်ကို တရားဝင် လာအသိအမှတ်ပြုတာပါ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘာမှ စောင့်ကြည့်စရာမရှိဘူးလေ။ ဒီဥစ္စာ ရွေးကောက်ပွဲမှ မဟုတ်တာကြီးကို။ ဒါကတော့ ရွေး ကောက်ပွဲကို လာတယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ အာဆီယံလို အဖွဲ့အစည်းကတောင်မှ သူတို့ ကိုယ်စားလှယ်မလွှတ်ပါဘူး။ အထူးသဖြင့် အားလုံးပါဝင်မှု မရှိတဲ့အတွက်ဆိုပြီး အာဆီယံအဖွဲ့နဲ့ မလွှတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေကသာ သူ့ဟာသူ Engage လုပ်တာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေဟာ ရွေးကောက်ပွဲမှာ နိုင်ပြီးသား စစ်အုပ်စုကို တံဆိပ်တုံး လာထုပေးတာဖြစ်ပြီး ဒေသတွင်းနိုင်ငံတချို့ကလည်း တစ်ပါတီစနစ်ကျင့်သုံးတဲ့ ကွန်မြူနစ်နိုင်ငံနဲ့ အာဏာရှင်နိုင်ငံတွေလို့ သူက မှတ်ချက်ပြုပါတယ်။

ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်ဖို့ ရှိနေပြီး လက်ရှိအခြေအနေအရ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဟုတ်ပေမယ့် ကောင်းမွန်တဲ့ တိုးတက်မှုတချို့အတွက် စမှတ် ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက NHK သတင်းဌာနကို ဖြေကြားထားတာပါ။

စစ်ကော်မရှင်ဘက်ကလည်း အပိုင်း ၁ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်အတွင်း အထူးသဖြင့် အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ်တွေနဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး ကြိုတင်မဲတွေကိုလည်း ဒီရက်ပိုင်းတွေမှာ ဖွင့်ဖောက်ရေတွက်နေပါတယ်။

ပြည်ပရောက် နိုင်ငံသားတွေရဲ့ ကြိုတင်မဲတွေအပါအဝင် ပြည်တွင်းက မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်က ရွေးကော်အဖွဲ့ခွဲတွေနဲ့ တာဝန်ရှိသူတွေက ဖွင့်ဖောက်ရေတွက်နေကြပေမယ့် ရလဒ်ကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။

အပိုင်းသုံးပိုင်းနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း အပိုင်းအားလုံး ကျင်းပပြီးစီးသွားတဲ့အချိန်ကျမှသာ ဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို ကြေညာမယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုထားကြတာပါ။

တစ်ဘက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူဖို့ လျှောက်ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၆၁ ခုက သတင်းထောက် ၂၁၅ ဦးကို ခွင့်ပြုထားတယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က အသိပေးပါတယ်။

ဦးတိုးဇော်လတ်ကတော့ ဩဇာရှိပြီး မျှတတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကတော့ ရွေးကောက် ပွဲရဲ့ အခြေအနေအမှန်ကို ဘယ်လောက်ပေါ်လွင်အောင် သတင်းပို့နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

“ကျွန်တော့်အထင် ပြောရရင်တော့ သေချာပါတယ်၊ တကယ့် နိုင်ငံတကာ ဩဇာရှိတဲ့ မျှတတဲ့ သတင်းမီဒီယာတွေကတော့ တကယ့် ရွေးကောက်ပွဲရဲ့ အခြေအနေမှန်ဖြစ်တဲ့ ပြည်သူတွေ ကြောက်လို့ မဲပေးရတာပါ၊ အထူးသဖြင့်တော့ အိမ်ထောင်စုစာရင်း မဲမပေးရင် ဒုက္ခရောက်မလားဆိုတဲ့ ကြောက်စိတ်နဲ့ ပေးရတယ်ဆိုတာ ဘယ်လောက်ပေါ်လွင်အောင် သူတို့ သတင်းပို့နိုင်မလဲဆိုတာတော့ မနက်ဖြန် ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်ရမှာပါ”လို့ ဆိုပါတယ်။

အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အချိန်အထိ ၅ နှစ်နီးပါးအတွင်း စစ်အာဏာရှင်တွေက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတာပါ။

ဒီအခြေအနေမှာ ရွေးကောက်ပွဲသတင်းရယူခွင့်တွေကလည်း အပြည့်အဝ လွတ်လပ်မှာ မဟုတ်ဘူးလို့ ဦးတိုးဇော်လတ်က မှတ်ချက်ပြုပါတယ်။

ရွေးကောက်ပွဲအကြိုကာလအတွင်း ရွေးကောက်ပွဲပျက်ပြားအောင် နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်ဟန့်တားတာတွေ ဖျက်ဆီးတာတွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကော်မရှင်ရဲ့ စာရင်းတွေအရ အမှုဖွင့်အရေးယူခံထားရသူ ၂၃၀ နီးပါး ရှိနေပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ကတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဖော်ဆောင်တာမဟုတ်ဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်ရေး လုပ်ဆောင်တဲ့ ဟန်ပြဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဟာ ရွေးကောက်ပွဲကို ကာကွယ်ဖို့ထက် ဝေဖန်သူတွေကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်အထိ ပေးနိုင်တဲ့ လက်နက်တစ်ခုအဖြစ် အသုံးချခံနေရတာလို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.