နေပြည်တော် ၊ နိုဝင်ဘာ ၁၈
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီအနေနဲ့ နိုင်ငံတော် အကျိုးဖြစ်ထွန်းပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမှုမရှိအောင် အလေးနက်ထား သုံးသပ်လုပ်ဆောင်သွားကြဖို့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တိုက်တွန်းပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ ပါ အချက်တွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့တာပါ။
အဲဒီတွေ့ဆုံမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးဥပဒေဖြစ်ပြီး အုပ်ချုပ်ရေးစနစ်၊ နိုင်ငံသားအခွင့်အရေးနဲ့ အာဏာခွဲဝေမှုတွေကို ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံရဲ့ အသက်သွေးကြောအဖြစ် ရှုမြင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ နိုင်ငံရေးနဲ့ ဥပဒေရေးရာနယ်ပယ်တွေမှာ ရှုထောင့်အမျိုးမျိုးနဲ့ ဆွေးနွေးငြင်းခုံလေ့ရှိကြတာကို တွေ့ရှိရတာကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်မှု မရှိအောင် သုံးသပ်ကြဖို့ ပူးပေါင်းကော်မတီကို တိုက်တွန်းထားတာပါ။
ဒို့တာဝန်အရေးသုံးပါးထဲမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်ရဲ့ အခြေခံမူတွေကို စစ်တပ်က ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။
သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ သဝဏ်လွှာပါ ၄၃ ချက်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူချုပ်ဆိုထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ တို့ကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတာပါ။
အဲဒီအချက်အလက်တွေကို လေ့လာသုံးသပ်ပြီး နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ပြဋ္ဌာန်းချက်အဖြစ် ပြင်ဆင်နိုင်ဖို့ အပါအဝင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေနဲ့အညီ ဥပဒေပြုနိုင်ဖို့ ဆက်လုပ်သွားရမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်လင်းဒွေးက ပြောပါတယ်။
လက်ရှိ တတိယကြိမ် လွှတ်တော်သက်တမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသဘောတူထားတဲ့ အခြေခံအရင်းအမြစ်တွေ ရှိထားပြီးဖြစ်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေနဲ့ ၄၃ ချက်ဖြစ်တဲ့အတွက် ထူးခြားတဲ့အချက်လို့ သူက ဆက်ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရနှစ်ဆက်ရဲ့ ပထမကြိမ်နဲ့ ဒုတိယကြိမ် လွှတ်တော်သက်တမ်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့ အကြုံပြုချက်တွေကို အခြေခံပြီး အကောင်အထည်ဖော်ခဲ့ရမှုအပေါ် နှိုင်းယှဉ်ပြီး ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြင်ဆင်/ဖြည့်စွက်ရမယ့်အချက်တွေဟာ ခိုင်ခိုင်မာမာရှိပြီးဖြစ်တဲ့ အချက်တွေအပေါ် ဆွေးနွေးပြီး ရလဒ်အတိုင်း လုပ်ဆောင်သွားရမှာဖြစ်လို့ အခုလုပ်ငန်းစဉ်ဟာ သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ဖို့ ဥပဒေမူကြမ်းတစ်ခု လိုအပ်တာ ဖြစ်ပါတယ်။
ဒီအတွက် အခြေခံအချက် ၄၃ ချက် ရှိပြီးဖြစ်လို့ အခြေခံကောင်းတွေကို မူတည်ပြီး ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲရမှာဖြစ်တာကြောင့် လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရတာလို့ ဆိုပါတယ်။
လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီတွေနဲ့ တပ်ကိုယ်စားလှယ်တွေ စုံညီစွာဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီအနေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာရင် နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးကို ရှေးရှုကာ အပြန်အလှန် လေးစားယုံကြည်မှုနဲ့ ညှိနှိုင်းဆွေးနွေးကြဖို့ ကော်မတီဝင်တွေကို သတိပေးပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေတွေကို ကြိုတင်လေ့လာထားကြဖို့နဲ့ ကော်မတီရဲ့ ကြိုးပမ်းမှုတွေကနေတစ်ဆင့် နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ဖို့ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားတာပါ။
ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၈ ဦးစီ အပါအဝင် တပ်ကိုယ်စားလှယ် ၁၄ ဦးနဲ့ ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်တွေကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပါတယ်။
Spring Sprouts အဖွဲ့ရဲ့ ကနဦးသုံးသပ်ချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်ဟာ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစံနှုန်း၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးတွေနဲ့ ဆန့်ကျင်သွေဖယ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု စစ်အာဏာရှင်စနစ်ကိုသာ ခိုင်မာစေမယ်လို့ သတိပေးထားတာပါ။
နိုင်ငံရေးအကဲခတ်တွေကလည်း ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရင် စစ်တပ်ရဲ့ ဗဟိုပြုမှုကို အခြေခံထားတာဖြစ်သလို သမ္မတရဲ့ အာဏာစက်ကို တိုးချဲ့ထားတဲ့အတွက် ဖက်ဒရယ်ခေါင်းစဉ်အောက်က စစ်အာဏာတည်တံ့အောင် ပြင်ဆင်မှုလို့ သုံးသပ်ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

