မွန်မှာ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၆၄၀၀ ကျော်အထိ ရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၀ အထိ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၆၄၀၀ ကျော်အထိ ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၃၀ ကို နိုဝင်ဘာ ၁၆ ရက်နေ့က သံဖြူဇရပ်မြို့နယ်အခြေစိုက် ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော် တန်းမြင့်လေးကျင့်ရေးကျောင်းမှာ သင်တန်းဖွင့်လှစ်ခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၀ အတွက် ဒေသတွင်းရှိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၂၀၀ နီးပါး စစ်သားစုဆောင်းခံခဲ့ရတာ ဖြစ်ပြီး အများစုဟာ စစ်အုပ်စုရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်နယ်မှာတော့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၃၀ အထိ သင်တန်းဖွင့်လှစ်ထားပြီး စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် အနည်းဆုံး လူငယ် ၂၀၀ ထက်မနည်း စစ်သားစုဆောင်းခံ နေရပါတယ်။

မွန်ဒေသခံ ပြည်သူ တစ်ဦးကတော့ စစ်အုပ်စုရဲ့ အခုနောက်ပိုင်း စစ်သားစုဆောင်းမှုဟာ ညပိုင်း ပွဲကနေ ပြန်လာတဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကစားဝိုင်းတွေ လုပ်တယ်။ အဲဒီပွဲကနေ ပြန်လာတဲ့ လူငယ်ပိုင်းတွေကို သူတို့ ပေါ်တာ ပြန်ဖမ်းတာတို့ ဆီးတာတို့ တွေရှိနေတယ်။ ပြီးခဲ့တဲ့ ၃/၄ရက် လောက်တုန်းကဆိုရင် ကလေး နှစ်ယောက်လောက် ရှိမယ် ထင်တယ်၊ပွဲလာရင်းနဲ့ အမှောင်ထဲမှာ စောင့်နေပြီးတော့ ကားတစ်စီးနဲ့ ခေါ်သွားတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရ ခွင့်ပြုထားတဲ့ ပွဲတော်တွေဟာ လူငယ်တွေကို စစ်မှုထမ်း စုဆောင်းဖို့အတွက် ပစ်မှတ်တစ်ခုလို ဖြစ်လာတာကြောင့် လူငယ်တွေ အုပ်စုလိုက် သွားရင်တောင် မလုံခြုံတော့တဲ့ အခြေအနေ ဖြစ်လာပြီးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်အစိုးရ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း အသက်နဲ့ အကြုံးဝင်တဲ့ လူငယ်တွေကို ဆင့်ခေါ်တာ၊ မဲနှိုက် ရွေးချယ်ခိုင်းတာအပြင် နေအိမ်တွေအထိ လာရောက် ခေါ်ဆောင်တာတွေ ရှိနေတာပါ။

ဒါ့အပြင် ညဘက် အပြင်ထွက်တဲ့သူတွေ၊ အလုပ်သွား အလုပ်ပြန်တွေ၊ ဒေသန္တရ အမိန့်ကို ဖောက်ဖျက်သူတွေကိုလည်း စစ်အစိုးရ လက်အောက်ခံတွေက အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် စုဆောင်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာတော့ စစ်မှုထမ်းသင်တန်းအတွက် စစ်သားသစ် စုဆောင်းတဲ့ နေရာမှာ စစ်အစိုးရ လက်အောက်ခံ ဝန်ထမ်းတချို့လည်း ပါဝင်နေပြီး တချို့ဆိုရင် ဝန်ထမ်း အချင်းချင်း ပြန်လည် ရောင်းစားနေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Kawao Newsgroup

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.