ရေး၊ နိုဝင်ဘာ ၁၈
အပစ်ရပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးမှုအပေါ် မွန်အမတ်တချို့က ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးထံ သွားရောက်အကူအညီ တောင်းခံခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ရေးချောင်းဖျားဒေသရှိ ဖလံချောင်းဝကျေးရွာနဲ့ ချဲတိုက်ကျေးရွာတို့ကို နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ နိုဝင်ဘာ ၁၆ ရက်နေ့တို့မှာ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အဲဒီကျေးရွာ နှစ်ရွာက အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဆေးပေးခန်း ၂ ခန်းနဲ့ နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကို နိုဝင်ဘာ ၁၇ ရက်နေ့က ရေးမြို့နယ် အမတ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုး၊ မိမြင့်သန်း၊ နိုင်ချမ်းတွဲ့နဲ့ ချောင်းဆုံမြို့နယ် အမတ် နိုင်ရဲထွဋ်အောင်တို့က ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးထံ သွားရောက် အကူအညီတောင်း တင်ပြခဲ့ပါတယ်။
စစ်လွှတ်တော်နာယ ဦးအောင်လင်းဒွေးထံ သွားရောက်အကူအညီတောင်းခံရမှာ ရေးချောင်းဖျားဒေသ ဗုံးကြဲမှုကြောင့် အများအပြား ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုတွေကို သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ဖို့နဲ့ နောင့်နောင် မဖြစ်အောင် တင်ပြခဲ့တယ်လို့ ဒေါက်တာဗညားအောင်မိုးက သူရဲ့ လူမှုကွက်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ရေးချောင်းဖျားဒေသ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံဆေးခန်းတွေ၊ လူနေအိမ်နဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံနဲ့ပစ္စည်းတွေကို တရားလက်လွတ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်သလို နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အုပ်စုကို အရေးယူတုံ့ပြန်မှုတွေ မဖြစ်မနေ ပြသဖို့ လိုအပ်ပြီး လေးစားမှု မရှိတဲ့ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲတာ၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ NRFF က ထောက်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးတဲ့ မွန်တော်လှန်ရေးတပ်ဦးဖြစ်ပေမယ့် စစ်အစိုးရနဲ့ ငြိမ်းချမ်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသ စစ်တပ်ဗုံးကြဲမှုကို မွန်ပြည်သစ်ပါတီ ဗဟိုဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိဘဲ နှုတ်ဆိတ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

