ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၅

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ လက်ရှိ အချက်အလက်တွေ နေရာမှာ အစားထိုး အသုံးပြုမယ့် DPP လို့ခေါ်တဲ့ နိုင်ငံတော် မှတ်ပုံတင်ရေး အစီအစဉ်စတင်ဖို့ မလေးရှား အစိုးရက ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် မလေးရှားရောက် ဒုက္ခသည်တွေရဲ့ အနာဂတ် မသေမချာ ဖြစ်နေပါတယ်။

ဒုက္ခသည် အချက်အလက် မှတ်ပုံတင်ရေး စီမံကိန်းအရ ဒုက္ခသည်တွေအတွက် အချက်အလက်တွေကို မလေးရှားအစိုးရ ကိုယ်တိုင် စီမံခန့်ခွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ မျက်ကြည်လွှာ စကန်ဖတ်တာလို လက်ဗွေရာတွေ ရယူတာမျိုးတွေလို အချက်အလက် တွေ စုဆောင်းမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စောစောပိုင်း ဆောင်ရွက်မှုအနေနဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စင်တာတွေမှာ ရှိနေသူ ၃၇၀၀၀ နီးပါးကို မှတ်ပုံတင်ထားပြီးဖြစ်သလို အဲဒီ လုပ်ငန်းစဉ်ကို ၂၀၂၆ ဇန်နဝါရီ အစောဆုံး စတင်မှာ ဖြစ်ပါတယ်။

DPP စီမံကိန်းကြောင့် ဒုက္ခသည်တွေ အလုပ်လုပ်ကိုင်ခွင့် ရရှိလာမှာ ဖြစ်ကြောင်း မလေးရှား အရာရှိတွေက ပြောပါတယ်။

အဲဒီ အစီအစဉ်က ပိုပြီး ဖွဲ့စည်းပုံကောင်းတဲ့ မှတ်ပုံတင်စနစ် ဖြစ်လာနိုင်တယ်လို့ မလေးရှား အရာရှိတွေက ပြောပေမယ့် မသေချာ မရေရာမှုတွေ ရှိနေပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနဲ့ UNHCR ကြား ရှင်းလင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ကာကွယ်ပေးရေး စံချိန်စံညွှန်းတွေ၊ ဒုက္ခသည် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပါတယ်။

မလေးရှားဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် ဒုက္ခသည်များ လက်ခံ နေရာချထားပေးရေး တာဝန်ကို ငြင်းပယ်ခွင့် ရှိပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ဒုက္ခသည် အသိုင်းအဝိုင်းနဲ့ စုံစမ်းစစ်ဆေးသူ တစ်စုတွေ့ဆုံချိန်မှာ ဖမ်းဆီးခံရမှု သို့မဟုတ် မိခင်နိုင်ငံ ပြန်ပို့ခံရမှုတို့ အပါအဝင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီ ဒုက္ခသည် မှတ်ပုံတင်ရေးစီမံကိန်းကို ၂၀၂၆ ဇန်နဝါရီ ၁ ရက်မှာ စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မလေးရှား လက်ထောက် ပြည်ထဲရေးဝန်ကြီး ရှမ်ဆူလ် အနူအာ နာဆရယ်လာက ပြောပါတယ်။

UNHCR က ရန်ပုံငွေ မလုံလောက်မှုနဲ့အတူ ဝန်ထမ်းအင်အား ၆၀ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရတာကြောင့် ဒုက္ခသည် မှတ်ပုံတင်ရေးလုပ်ငန်းတွေကို အရင်ကလို ထိထိရောက်ရောက် မဆောင်ရွက်နိုင်တော့တဲ့ အချိန်မှာ မလေးရှားအစိုးရရဲ့ အခု အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ခိုလှုံခွင့်ရရှိရေး မလေးရှားမှာ မှတ်ပုံတင်ထားထားတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်ရရှိဖို့ လျှောက်ထားသူ ၂၁၁၃၆၀ ဦးရှိတယ်လို့ UNHCR က ပြောပါတယ်။

အဲဒီအထဲမှာ ၁၈၉၇၆၀ ဦးဟာ မြန်မာနိုင်ငံက လူတွေ ဖြစ်ပြီး ရိုဟင်ဂျာ ၁၂၄၁၂၃ ဦး ပါဝင်ပါတယ်။

ချင်းလူမျိုး ၃၂၈၀၀ နဲ့တခြား လူနည်းစုဝင် တိုင်းရင်းသား ၃၂၈၂၇ ဦး ရှိတယ်လို့ သိရပါတယ်။

ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီယာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ သိရိလင်္ကာ၊ ပါလက်စတိုင်း၊ အီရတ်နဲ့ တခြားနိုင်ငံတွေက နိုင်ငံသားတွေလည်း မလေးရှားနိုင်ငံကတဆင့် ခိုလှုံခွင့် လျှောက်ထားတာတွေ ရှိနေပါတယ်။

ဒီအထဲမှာ UNHCR ရဲ့ မှတ်ပုံတင်စနစ်မှာ မပါဝင်ဘဲ အထောက်အထား စာရွက်စာတမ်းလည်း မရှိဖြစ်နေတာကတော့ မြန်မာနိုင်ငံသား ဒုက္ခသည် အများစု ဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို မလေးရှား အစိုးရက မြန်မာစစ်တပ်နဲ့လျှို့ဝှက် ပူးပေါင်းကြံစည် လုပ်ဆောင်တာ ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာတွေက စွပ်စွဲထားကြပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.