ဆစ္စဒနီ၊ ဒီဇင်ဘာ ၁၅

ဆစ်ဒနီမြို့ ကမ်းခြေတစ်ခုမှာ ဂျူးလူမျိုးတို့ရဲ့ ပွဲတော် တစ်ခုကို ပစ်မှတ်ထားပြီး သားအဖ နှစ်ဦးက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီးနောက် ပိုမို တင်းကြပ်တဲ့ သေနတ်ဥပဒေတွေ ပြဌာန်းရေး သြစတြေးလျဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၅ ရက်မှာ အဆိုပြုလိုက်ပါတယ်။

အသက် ၅၀ အရွယ် ဖခင်ဖြစ်သူဟာ ပစ်ခတ်မှု ဖြစ်ပွားရာနေရာမှာတင် သေဆုံးသွားတာကြောင့် စုစုပေါင်း သေဆုံးသူ ၁၆ ဦး ဖြစ်လာပြီး သားဖြစ်သူကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထား ရကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပြီးနောက် ဒဏ်ရာပြင်းထန်ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၀ နှစ်နဲ့ ၈၇ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။

၁၉၉၆ ခုနှစ်က သြစတြေးလျမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ၁၂ ရက် အကြာမှာ အစိုးရက တစ်စိတ်တစ်ပိုင်း အလိုအလျောက် ပစ်ခတ်နိုင်တဲ့ သေနတ်တွေကို တားမြစ်ခဲ့ပြီး သေနတ်တွေ ပြန်လည် ဝယ်ယူရေး အစီအစဉ် တစ်ရပ် စတင်ခဲ့ပါတယ်။

လက်နက်ကိုင်ဆောင်ဖို့ မသင့်တော်ဘူးလို့ ယူဆရသူတွေ ကင်းစင်သွားစေရေး စိစစ်ပြီးမှာ လိုင်စင် ထုတ်ပေးတဲ့ စနစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

အခု ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေရဲ့ နာမည်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်မထားသေးပေမယ့် ဖခင်ဖြစ်သူဟာ ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပေးထားတဲ့ လိုင်စင်နဲ့ ကိုင်ထားတဲ့ သေနတ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ပြီးတော့ သူ့မှာ မှတ်ပုံတင်ပြီးသား သေနတ် ၆ လက် ရှိတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ပစ်ခတ် တိုက်ခိုက်သူ နှစ်ယောက်ထဲက တစ်ယောက်ကို ရဲတပ်ဖွဲ့က အရင်ကတည်းက သိထားပြီးသား ဖြစ်ပေမယ့် ချက်ချင်း အန္တရာယ် ပေးနိုင်မယ့်သူ မဟုတ်ဘူးလို့ ယူဆထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖခင်ဖြစ်သူဟာ ၁၉၉၈ ခုနှစ် သြစတြေးလျသို့ ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာသူ ဖြစ်ပြီး သားဖြစ်သူကတော့ သြစတြေးလျမှာ မွေးဖွားတဲ့ နိုင်ငံသား ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး တိုနီ ဘာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သြစတြေးလျရဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေတွေဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးလို့ ဥပဒေတွေထဲ ပါဝင်တယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် ဒီဇင်ဘာ ၁၄ ရက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မေးခွန်းတွေ အများကြီး ထွက်ပေါ်လာစေခဲ့ပါတယ်။

လိုင်စင်သက်တမ်း၊ လိုင်စင်နဲ့ ထုတ်ပေးတဲ့ သေနတ် အရေအတွက်တို့နဲ့ပတ်သက်လို့ ပြန်လည် ကန့်သတ်ရေး အစိုးရအဖွဲ့ကို ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်က ပြောထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.