ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆

ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင် ရာဇဝတ်မှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားတယ်ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဝမ်းနည်းမိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောကြားပြီး သူ့ကို တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ လွှတ်ပေးစေလိုတယ်လို့ ထရန့်က ပြောပါတယ်။

ကျွန်တော် အရမ်း ဆိုးဆိုးရွားရွား ခံစားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်နဲ့ ကျွန်တော် ပြောဆိုပြီးပါပြီ။ သူ့ကို လွှတ်ပေးရေး စဉ်စားပေးဖို့ ကျွန်တော် တောင်းဆိုထားပါတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ ဂျင်မီလိုင်ကို လွှတ်ပေးဖို့ ဘယ်အချိန်က တောင်းဆိုခဲ့သလဲ ဆိုတာကိုတော့ ထရန့်က အသေးစိတ် ပြောဆိုသွားတာ မရှိပါဘူး။

သူက အသက်ကြီးနေတဲ့ လူတစ်ယောက်ပါ ကျန်းမာရေးလည်း မကောင်းပါဘူး။ ဒါကြောင့် လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့တာပါ။ ဘာဖြစ်မလဲ ကြည့်ကြရတာပေါ့လို့ ထရန့်က ဆိုပါတယ်။

Apple Dailyလို့ ခေါ်တဲ့ ဒီမိုကရေစီ လိုလားတဲ့ သတင်းစာထုတ်ဝေသူ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဂျင်မီလိုင်ကို လွတ်မြောက်စေလိုတယ်လို့ ထရန့်က အိမ်ဖြူတော်သို့ ပြန်မရောက်ခင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

ထရန့်ဟာ ရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယားမှာ အောက်တိုဘာလက တွေ့ဆုံခဲ့ပြီး ဂျင်မီလိုင် ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ထရန့်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဂျင်မီလိုင်အပေါ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်က ဟောင်ကောင်မှာ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့်နဲ့ တခြား အခြေခံ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ကြိုးပမ်းနေသူတွေ အသံတိတ်သွားအောင် လုပ်ဆောင်နေတာဖြစ်ကြောင်း လူမှုမီဒီယာမှာ ရေးပါတယ်။

ဘဏ္ဍာရေးစုရပ် တစ်ခု ဖြစ်တဲ့ ဟောင်ကောင်ကို ဗြိတိန်က တရုတ်ဆီ ၁၉၉၇ ခုနှစ်မှာ ပြန်လွှဲမပေးခင် တရုတ်က သီးခြား စနစ် ဆက်လက် အသုံးပြုခွင့်ပြုပါ့မယ်လို့ ကတိပေးခဲ့တဲ့ အချက်ကို ဝန်ကြီး ရူဘီယိုက ထောက်ပြထားပါတယ်။

ထောင်ထဲမှာ ရက်ပေါင်း ၁၈၀၀ ကျော် နေထိုင်နေရတဲ့ ကာလအတွင်း ဂျင်မီလိုင်ရဲ့ ကျန်းမာရေး ယိုယွင်း ဆိုးရွားလာနေကြောင်း သတင်းတွေက ဖော်ပြထားတယ်လို့ ဝန်ကြီး ရူဘီယိုက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ပြီး လူသားချင်းစာနာ ထောက်ထားပြီးတော့ ဂျင်မီလိုင်ကို ချက်ချင်း လွှတ်ပေးသင့်တယ်လို့ သူက ဆိုပါတယ်။

လိုင်ဟာ ကက်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်း ယုံကြည်သူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့အမှုကို အမေရိကန်မှာ ထရန့်ရဲ့ ထောက်ခံသူ အုပ်စုတွေ ဖြစ်တဲ့ ခရစ်ယာန်ဘာသာရေး တက်ကြွလှုပ်ရှားသူတွေ မီဒီယာလွတ်လပ်ခွင့် တောင်းဆိုသူတွေနဲ့ ဒီမိုကရေစီ ညွှန့်ပေါင်း အဖွဲ့တွေ အားလုံးက အလေးထား စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရတဲ့ အသက် ၇၈ နှစ်အရွယ် လိုင်ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခံရပြီးနောက်ပိုင်း ထောင်ကျခံနေရပြီး နိုင်ငံတော် လုံခြုံရေးအမှုအတွင်း စွဲချက် ၂ ခု အတွက် အပြစ်ရှိကြောင်း တရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်ခဲ့တာကြောင့် လက်ကျန်ဘဝကို ထောင်ထဲမှာပဲ ကျော်လွန်ဖြတ်သန်းရဖို့ ရှိနေပါတယ်။

သူ့ကို ဖမ်းဆီးတာက ဟောင်ကောင်မှာ ၂၀၁၉ က ဖြစ်ပွားခဲ့တဲ့ လူထု အုံကြွမှု နောက်ပိုင်း ဘေဂျင်းအစိုးရ နှိမ်နှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.