ဘန်ကောက်၊ ဒီဇင်ဘာ ၁၆
ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ကို ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဖျက်သိမ်းခဲ့ပြီးနောက် မျှော်လင့်ထားတာထက် စောပြီး ထိုင်း လွှတ်တော်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာပါတယ်။
လွှတ်တော်ထဲမှာ အကြီးမားဆုံး အုပ်စုဖြစ်တဲ့ အတိုက်အခံ ပြည်သူ့ပါတီနဲ့ ဝန်ကြီးချုပ် အနုတင်တို့ လမ်းခွဲခဲ့ပြီး အရှေ့တောင်အာရှရဲ့ ဒုတိယ အကြီးမားဆုံး စီးပွားရေးနိုင်ငံမှာ နိုင်ငံရေး ပရမ်းပတာ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မဲဆန္ဒနယ်အလိုက် အမတ်နေရာ ၄၀၀၊ ပါတီအလိုက် အချိုးကျထားရှိတဲ့ အမတ်နေရာ ၁၀၀ နဲ့ အတူ ထိုင်းနိုင်ငံသားတွေအနေနဲ့ အမတ် ၅၀၀ ရွေးကောက်တင်မြှောက်ဖို့ မဲပေးကြရမှာ ဖြစ်ပြီး ပါတီ တစ်ခုစီ အနေနဲ့ ဝန်ကြီးချုပ် ရာထူးအတွက် ကိုယ်စားလှယ်လောင်း ၃ ဦးစီ အဆိုပြုနိုင်မှာ ဖြစ်ပါတယ်။
ကြိုတင်မဲပေးမှုကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်သွားမှာ ဖြစ်ပါတယ်။
တရားဝင် မဲရလဒ်တွေကို ဧပြီ ၉ ရက်မှာ ကြေညာမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

အဲဒီနောက် လွှတ်တော် ဥက္ကဋ္ဌတွေ ရွေးချယ်ဖို့နဲ့ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ရေး ၁၅ ရက်အတွင်း လွှတ်တော်အသစ် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ တတိယမြောက်ဝန်ကြီးချုပ် ဖြစ်တဲ့ အနုတင်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတင်လုပ်ဆောင်မယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ စက်တင်ဘာလအတွင်း ဝန်ကြီးချုပ် ဖြစ်ဖို့ ကြိုးပမ်းရာမှာ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီးတော့ ဇန်နဝါရီလအကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အချိန်အခါ လိုက်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်ရာမှာ ကျွမ်းကျင်သူ အသက် ၅၉ နှစ်အရွယ် အနုတင်ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘောဒီးယားကို စစ်ခင်းနေချိန် အမျိုးသားရေး ဝါဒလှိုင်းက တဆင့် ထောက်ခံမှု ရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သဘောထား စစ်တမ်းတွေမှာ ပြည့်သူ့ပါတီဟာ ထိုင်းနိုင်ငံသားတွေကြား လူကြိုက်အများဆုံး ဖြစ်နေကြောင်း ဖော်ပြထားပြီး သူ့အနေနဲ့ ထည့်သွင်းတွက်ချက်ရမယ့် အင်အားစု တစ်ခု ဖြစ်နေပါတယ်။
အဲဒီပါတီရဲ့ မူလပါတီ ဖြစ်တဲ့ Move Forward ပါတီဟာ ၂၀၂၃ ခုနှစ် ကျင်းပခဲ့တဲ့ နောက်ဆုံးရွေးကောက်ပွဲကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကမ္ဘောဒီးယားနယ်စပ် တလျှောက် ထိုင်းဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာဟာ ဒုတိယသီတင်းပတ်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်စပ် တိုက်ပွဲတွေ ဒုတိယသီတင်းပတ်ထဲ ဝင်ရောက်လာချိန်မှာ ထိုင်းက သူတို့ရဲ့ နယ်စပ်ဒေသတွေမှာ နေဝင်မီးငြိမ်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
ထိုင်းရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မိမိတို့ရဲ့ သမိုင်းဝင်နေရာတွေ ထိခိုက် ပျက်စီးနေတယ်လို့ ကမ္ဘောဒီးယားက ပြောထားပါတယ်။
ကမ္ဘောဒီးယားက ထိုင်းလူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘန်ကောက်အစိုးရက ကုလသမဂ္ဂကို တိုင်ကြားထားပါတယ်။
တိုက်ပွဲတွေအတွင်း ထိုင်းက သိမ်းဆည်းရမိထားတဲ့ တရုတ်နိုင်ငံထုတ် ဒုံးကျည်စနစ်တွေကို ထိုင်းက သိမ်းဆည်းထားပိုင်ခွင့်ရှိတယ်လို့ ထိုင်းစစ်ဦးစီးချုပ်က ပြောထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ မလေးရှားမှာ အပစ်အခတ်ရပ်စဲရေး နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ပြီး နောက် တကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးက အပစ်ရပ်ဖို့ သဘောတူထားပြီးလို့ ထရန့်က ပြောကြားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ထိုင်းခေါင်းဆောင် အနုတင်က မိမိတို့ ပြည်သူတွေနဲ့ မိမိတို့ နယ်နိမိတ်တွေကို ကာကွယ် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
နှစ်နိုင်ငံကြား အခုလို စစ်ရေး လမ်းကြောင်းကို ဆက်လက် ရွေးချယ်နေတာက ကမ္ဘောဒီးယားမှာ ကျားဖြန့် ဂိုဏ်းတွေ ရှိနေတာကြောင့် ဖြေရှင်းရမယ့် အရေးနဲ့ ထိုင်းနိုင်ငံရေး အခြေအနေတို့ကြောင့် ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
အနုတင် အစိုးရဟာ လွှတ်တော်တွင်း လူနည်းစုပဲရှိတဲ့ အစိုးရ ဖြစ်တာကြောင့် လွှတ်တော်ကို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
Ref:Agencies

