ဂျကာတာ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံ တစ်ခု လေကြောင်း တိုက်ခိုက်ခံရပြီးနောက် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ အရပ်သားတွေ အရပ်ဖက် အဆောက်အဦတွေကို တိုက်ခိုက်မှု အဆုံးသတ်ရေး၊ မဆင်မခြင် အကြမ်းဖက် တိုက်ခိုက်မှုအဆုံးသတ်ရေး ခိုင်မာတဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ အာဆီယံက တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ လူ ၃၀ ကျော် သေဆုံးပြီး ၈၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အာဆီယံက များစွာ စိုးရိမ်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

၁၉၄၉ ဂျီနီဗာသဘောတူညီမှု အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေတွေကို ချိုးဖောက်ပြီး အရပ်သားတွေနဲ့ ဆေးဖက်ဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်မှု လက်မခံနိုင်ကြောင်းနဲ့ အာဆီယံ ပဋိညာဉ်မှာ သတ်မှတ်ထားတဲ့ မူတွေနဲ့လည်း ဆန့်ကျင်နေကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက်ခဲ့တဲ့ အသိုင်းအဝိုင်းအတွက် မိမိတို့ အများကြီး ကိုယ်ချင်းစာနာမိပြီး ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရသူတွေ အလျင်အမြန် ပြန်ကောင်းလာစေဖို့ ဆန္ဒပြုလိုက်ကြောင်း အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အဦတွေ ဘေးကင်းလုံခြုံရေး အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း မိမိတို့ တိုက်တွန်းကြောင်း အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် မြောက်ဦး ဆေးရုံ တိုက်ခိုက်မှုအတွက် စစ်ကော်မရှင်ကို တိုက်ရိုက် ပြစ်တင် ရှုတ်ချထားတာ မတွေ့ရပါဘူး။
စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဲဒီ ဆေးရုံကို လက်နက်ကိုင်တွေက အခြေစိုက်စခန်း တစ်ခုအဖြစ် အသုံးချနေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အလားတူ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။
အာဆီယံ ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့လည်း ထပ်ပြီး တိုက်တွန်းထားပါတယ်။
မြန်မာ စစ်တပ်က ဆေးရုံကို တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ အီးယူ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အနီတာ ဟစ်ပင်က ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗိုလ်ကာ တက်ခ်က စစ်ကော်မရှင်ရဲ့ အဲဒီ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ပြောကြားပြီး ဒီဇင်ဘာ ၁၁ ရက်မှာ အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချထားပါတယ်။
တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး စုံစမ်း စစ်ဆေးဖို့ တိုက်တွန်းကြောင်း ဗိုလ်ကာ တက်ခ်က လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး ပြောရေးဆိုခွင့်ရှိသူက စုံစမ်းစစ်ဆေးရေးကိစ္စနိုင်ငံတကာ အာဏာပိုင်တွေအပေါ် မူတည်နေပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဘာမှ အပြစ်ပေးမခံရဘဲ အဲဒီလို ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ ကြာပြီ ဖြစ်ကြောင်း ပြောပါတယ်။
မြောက်ဦးမြို့ရှိ ဆေးရုံ တိုက်ခိုက်မှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO အကြီးအကဲကလည်း ပြစ်တင် ရှုတ်ချထားပြီး ဒါဟာ လူသားမျိုးနွယ် အပေါ် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂ(အီးယူ)ကလည်း အဆိုပါ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားပြီး ဆေးရုံကို ဗုံကြဲတိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာ စစ်တပ်က ဆေးရုံကို တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ အီးယူ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အနီတာ ဟစ်ပင်က ပြောဆိုထားပါတယ်။
Ref: BERNAMA

