ဘီးလင်း၊ ဒီဇင်ဘာ ၁၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်း နှစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကစလို့ ဘီးလင်းမြို့နယ်ရှိ ဖိုးဝသိမ်၊ အလူးကြီးနဲ့အလူးလေးကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကြောင်းပြန်ဆုတ်စဉ် ဖိုးဝသိမ်ရွာသား ၃ ဦး၊ အလူးကြီးရွာသား ၂ ဦး၊ အလူးလေးရွာခံ ၁ ဦးတို့ကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်စစ်ကြောင်း ဖမ်းဆီးသွားတဲ့ ရွာသားတွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ် လူငယ်တွေ ဖြစ်ပြီး ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာချုပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖိုးဝသိမ်းကျေးရွာထဲ ဝင်ရောက်လာချိန် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

