ပုလော ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရက်ပိုင်းအတွင်း အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ဆင်ထိုးကြီးရွာမှာ ကွမ်းသီးခြံကို လာတဲ့ ဘုရင့်တောင် ရွာသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် အဲဒီအမျိုးသားဟာ နေ့လယ် ၁ နာရီအချိန်ခန့်မှာ တစ်ဦးတည်း ဥယျာဉ်ခြံထဲ သွားချိန် မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ မိုင်းနင်းမိတဲ့အချိန်မှာ ဒူးခေါင်းအထိ ခြေထောက်ပြတ်တောက်ခဲ့ပေမယ့် တွေ့ရှိချိန်မှာ သွေးထွက်လွန်နေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီအချိန်မှာ ဆင်ထိုးကြီးရွာက စိတ်ကျန်းမာရေးချို့တဲ့နေသူ အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးဟာ မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆင်ထိုးကြီးရွာမှာ မြေမြှုပ်မိုင်းတွေ ရှိလို့ သတိထားသွားလာကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ ၃ က သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

