မော်လမြိုင်၊ ဒီဇင်ဘာ ၁၅
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ Myanmar Prison Witness က ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိမှုတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းသားသေဆုံးမှုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ လေးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦး ပါဝင်ပါတယ်။
သေဆုံးသူ အများစုမှာ အသက် ၄၆ နှစ်ကနေ ၅၉ နှစ်ကြားရှိ အကျဉ်းသားတွေဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းမှာ အဖြစ်များဆုံး ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးဆီချိုရောဂါနဲ့ ကင်ဆာရောဂါတို့ဖြစ်ပြီး ထောင်တွင်းသေဆုံးမှု စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်း ရှိပါတယ်။
တစ်ဖက်မှာလည်း အကျဉ်းထောင်အတွင်း ကျန်းမာရေးကြောင့် သေဆုံးနိုင်တယ်ဆိုပေမယ့် အများစုမှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အကျဉ်းထောင်အတွင်း ထောင်ဆေးရုံမရှိတာအပါအဝင် ထောင်တွင်းမှာ ဆရာဝန် မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ ပြင်ပဆေးရုံကို သွားရောက်ကုသဖို့အတွက် တောင်းခံရာမှာလည်း အချိန်ကြာမြင့်တာကြောင့် သေဆုံးခဲ့ကြတယ်လို့ MPW က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

