မြဝတီ၊ ဒီဇင်ဘာ ၁၆

ရွှေကုက္ကိုနယ်မြေက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှုမရှိတဲ့ BGF အဖွဲ့ဝင်တွေကို ခွဲခွဲခြားခြားလုပ်ပစ်ရမှာဖြစ်တယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူတွေလည်း ရှိပြီး မကောင်းတဲ့သွေးပါရင် ဖောက်ထုတ်ပစ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရွှေကုက္ကိုနယ်မြေက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း တိုက်ဖျက်ရေးဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင်တွေလည်း ရှိတယ်လို့ သူက ပြောဆိုခဲ့တာပါ။

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုနယ်မြေထဲမှာ ကျားဖြန့်နှိမ်းနင်းလုပ်ငန်းကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ဆောင်ရွက်ခဲ့ရာ နိုင်ငံခြားသားအများအပြား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ဆောင်လုပ်ထားတယ်ဆိုတဲ့ အဆောက် အဦးတွေကို စစ်ကော်မရှင်တပ်က ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ရွှေကုက္ကိုနယ်မြေထဲက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေထဲကို ဝင်ရောက်ရှာဖွေ မစီးနင်းခင်မှာ BGF က အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီသူဌေးအကြီးပိုင်း ခေါင်းဆောင်တွေကို လုံခြုံရေးအစီအမံတွေနဲ့ အခြားနေရာတွေဆီ ခေါ်ထုတ်ခေါ်ဆောင်သွားတယ်လို့ BGF နဲ့နီးစပ်သူတွေက ဆိုပါတယ်။

BGF နဲ့နီးစပ်သူတွေရဲ့ အဆိုအရ ရွှေကုက္ကိုက ကျားဖြန့်တရုတ်သူဌေးတွေကို ဒေါနတောင်ခြေ BGF အမှတ် ၂ တပ်နယ်ဌာနချုပ် သေ့ကတေရွာဆီ ခေါ်ဆောင်သွားပြီး အဲဒီကျေးရွာမှာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်ထားကာ ကျားဖြန့်လုပ်ငန်း ဆက်လက်လည်ပတ်နေတယ်လို့ သိရပါတယ်။

ကျားဖြန့်က တရုတ်ကုမ္ပဏီသူဌေးအကြီးပိုင်းခေါင်းဆောင်တွေကို BGF က ကြိုတင်ခေါ်ထုတ်သွားတာနဲ့ ပတ်သက်ပြီး အဲဒီသတင်းဟာ မဟုတ်မှန်ကြောင်း BGF ပြောခွင့်ရသူ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ငြင်းဆိုထားပါတယ်။

လက်ရှိ ကျားဖြန့်အရေးနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကတစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ရွှေကုက္ကိုနယ်မြေထဲကို ရောက်ရှိလာပြီး နယ်မြေကွင်းဆင်းလေ့လာသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.