မော်လမြိုင် ၊ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့ထဲမှာ တည်ရှိတဲ့ မော်လမြိုင်အချုပ်ထောင်တစ်ခုလုံးကို ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကော်မရှင်ဘက်က လုံခြုံရေးအပြည့်နဲ့ နေရာပြောင်းရွှေ့နေတယ်လို့ မြို့ခံတွေအပါအဝင်အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်မှာ မူလတည်ရှိတဲ့ မော်လမြိုင်အချုပ်ထောင်ကို မော်လမြိုင်-ကျိုက်မရော ကားလမ်းအနီးရှိ မင်းရွာကျေးရွာမှာ အသစ်တည်ဆောက်ထားတဲ့ မော်လမြိုင်အကျဉ်းထောင်ထံ ပြောင်းရွှေ့နေတာပါ။
ပြောင်းရွှေ့တဲ့ နေရာမှာတော့ အကျဉ်းသား၊ အကျဉ်းသူတွေကို လုံခြုံရေး အင်အား အများအပြား အသုံးပြုပြီး သယ်ဆောင်တာတွေ ပြုလုပ်နေသလို လမ်းကြောင်း တစ်လျှောက်မှာလည်း လုံခြုံရေး အင်အား အများအပြား ချထားတာ တွေ့ရပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးကတော့ လက်ရှိပြောင်းရွှေ့ခံရသူတွေဟာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေ ဖြစ်ပြီး ကျန်တဲ့အချုပ်သားတွေကိုလည်း တဖြည်းဖြည်းချင်း ပြောင်းရွှေ့သွားမယ်လို့ ဆိုပါတယ်။
မော်လမြိုင်အချုပ်ထောင်နေရာကို ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ခရိုနီဇေကမ္ဘာအုပ်စုက ဝယ်ယူထားတာ ဖြစ်ပြီး အဲဒီနေရာမှာ ဘယ်စီမံကိန်း လုပ်ဆောင်မလဲဆိုတာကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနဟာ မူလမော်လမြိုင်အချုပ်ထောင်ကနေ မင်းရွာကျေးရွာရှိ မော်လမြိုင် အကျဉ်းထောင်အသစ်ကို အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၀၀၀ ကျော် ပြောင်းရွှေ့သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
မော်လမြိုင်အချုပ်ထောင်ထဲမှာတော့ နိုင်ငံရေး ပုဒ်မတွေနဲ့ အကျဉ်းကျ ခံနေရသူတွေ မရှိဘဲ တခြားပုဒ်မတွေနဲ့ အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေသာ အများဆုံး ရှိတာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မော်လမြိုင်မြို့ ရှိ မင်းရွာကျေးရွာက မော်လမြိုင် အကျဉ်းထောင်အသစ်ကိုတော့ အာဏာသိမ်း စစ်ကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ တည်ဆောက်မှု ပြီးစီးသွားလို့ ထောင်ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

