နေပြည်တော် ၊ ဒီဇင်ဘာ ၁၆
အာဏာသိမ်းမှုကနေ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ယာယီသမ္မတ အပါအဝင် ဖွဲ့စည်းခဲ့တဲ့ အသွင်ပြောင်း စစ်ကော်မရှင်ရဲ့ ဥက္ကဌရာထူးကို ရယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မကြာခင်ကာလအတွင်း ရာထူးတချို့ စွန့်လွှတ်ရတော့မှာပါ။
အကြောင်းကတော့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် နိုင်ငံ့အာဏာကို လွှဲ ပြောင်းပေးရမှာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ မူလတာဝန်ဖြစ်တဲ့ တပ်ချုပ်ရာထူးကလွဲရင် ကျန်တာတွေဟာ အလိုလိုပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ မူလတာဝန်ဖြစ်တဲ့ တပ်ချုပ်ရာထူးအပြင် အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ အသွင်ပြောင်းစစ်ကော်မရှင်ရဲ့ ဥက္ကဌနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ယာယီသမ္မတရာထူးကို ကိုယ့်ဘာသာ ခန့်အပ်ထားသူပါ။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် တပ်ချုပ်ရာထူးကို စွန့်လွှတ်ရမှာပါ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနဲ့ တပ်ချုပ်နေရာကို ပူးတွဲတာဝန်ယူ ထမ်းဆောင်ဖို့ မပြဌာန်းထားပါဘူး။
လေ့လာသူတွေကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော်သမ္မတလုပ်ချင်တဲ့ အာသီသရှိတဲ့အတွက် ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်လာခဲ့တာလို့ ထောက်ပြပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လမ်းစဉ်အတိုင်း သူ့အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကနေ အပြီးသတ်အနားယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို အခြားသူတွေနဲ့ လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပြန်ပါတယ်။
အကြောင်းကတော့ သူကျူးလွန်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအတိုင်း အခြားသူတွေက သူ့အပေါ် တန်ပြန်လုပ်ဆောင်လာမှာကို တွေးပူနေသလို မိသားစုစီးပွားရေးအရ အာဏာကို ဆုပ်ကိုင်ထားမှ ရနိုင်မယ့် ယူဆချက်မျိုး ရှိနေတာကြောင့်ပါ။
ဒ့ါအပြင် နိုင်ငံဟာ အပြည့်အဝ မတည်ငြိမ်သလို စစ်တပ်ရဲ့ ဆုံးရှုံးနယ်မြေတွေလည်း များစွာရှိနေတဲ့အတွက် တပ်ချုပ်အဖြစ်ကနေ စွန့်ခွာမှာ မဟုတ်ဘဲ သမ္မတရဲ့အထက်မှာ ကာကွယ်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လိုမျိုး လုပ်လာနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေလည်း ရှိနေတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က အခြားသူတွေကို အစိုးရအဖွဲ့အကြီးအကဲလောက်နဲ့ပဲ အာဏာခွဲဝေပေးထားပြီး စစ်ခေါင်းဆောင်အတွက် အားလုံးရဲ့ အထက်မှာ အာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်သွားမယ့် ပုံစံလို့ သုံးသပ်ပါတယ်။
“အစိုးရအဖွဲ့အကြီးအကဲဆိုတဲ့ ပုံစံမျိုးလောက်နဲ့ပဲ ကျန်တဲ့ဟာတွေကို (အခြားသူတွေကို) အာဏာခွဲဝေပေးထားနိုင်တယ်။ ဒါပေမယ့် သူက (စစ်ခေါင်းဆောင်) နိုင်ငံတော်ရဲ့ အကြီးအကဲ၊ စစ်တပ်ရဲ့ အဓိပတိပေါ့။အဲဒီလို ပုံစံမျိုးနဲ့ပဲ သွားမယ်လို့တော့ သုံးသပ်ရတယ်။ ဒါပေမယ့် သူတို့ စကားလုံး လှလှလေးတွေ ဝေါဟာရ အသစ်အဆန်းလေးတွေနဲ့ ရာထူး ထိုင်ခုံနေရာအသစ်တစ်ခု ထွင်လာပြီးခါမှပဲ သူကပဲ နောက်ကွယ်ကနေ မဟုတ်ဘဲ အပေါ်ကနေပြီးတော့ လက်ဝါးကြီးအုပ်ထားတဲ့ အုပ်ချုပ်မှုမျိုးနဲ့ပဲ အာဏာရှင်ဆန်တဲ့ ပုံစံမျိုးနဲ့ပဲ သွားမယ်လို့တော့ ကျွန်တော်က မှန်းဆရပါတယ်ဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်းမှု ၅ နှစ်အတွင်း နိုင်ငံရေးဘောင် ကျဉ်းမြောင်းအောင် စစ်ရေးဘောင်ဟာ ပိုမိုကျယ်ပြန့်လာနေတာကြောင့် စစ်ခေါင်းဆောင်အနေနဲ့ အရှင်ထွက်လို့ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်မျိုး ရှိနေတာပါ။
စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ခေါင်းဆောင်ကို သမ္မတရွေးချယ်ရေးအဖွဲ့က မဲပေးလာရင် သမ္မတလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်သာ ကျန်ရှိတော့တဲ့အချိန်မှာ နှပ်ကြောင်းပေးပြောဆိုလာပါတယ်။
သမ္မတ ရွေးချယ်မှုဟာ တစ်ဦးချင်းအနေနဲ့ လုပ်ချင်တယ် မလုပ်ချင်ဘူး ပြောလို့မရဘဲ လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရင် သမ္မတ မလုပ်ဘဲ ငြင်းလို့မရကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ယာယီသမ္မတအနေနဲ့ နိုင်ငံ့တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေရှိလို့ နိုင်ငံတော်က တာဝန်ပေးလာရင် အမြဲတမ်းအသုံးချလုပ်ဆောင်သွားမယ်ဆိုပြီး ၂၀၁၄ ခုနှစ်က စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ လွှတ်တော်မှာ သမ္မတရွေးချယ်တဲ့အခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် အဆိုပြုမယ့် အခြေအနေလို့ နားလည်ရပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ နိုင်ငံအတွက် အကောင်းဆုံးလို့ အခုနှစ်အတွင်း ထုတ်ပြောခဲ့ဖူးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ သမ္မတရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ သုံးဖွဲ့က ဒုသမ္မတ တစ်ဦးစီကို ရွေးချယ်အဆိုပြုရမှာပါ။
အဲဒီအစုအဖွဲ့သုံးဖွဲ့ကနေ အဆိုပြုထားတဲ့ ဒုသမ္မတ သုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ရမှာဖြစ်ပြီး မဲအများဆုံးရသူဟာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၆ ခုထဲက စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဟာ ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သလို စစ်ယူနီဖောင်းချွတ် အရာရှိတွေလည်း အဲဒီပါတီကနေ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

