ဘန်ကောက်၊ ဒီဇင်ဘာ ၉

စစ်ကော်မရှင် ကျင်းပမယ့် မြန်မာရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရတာကြောင့် အသိအမှတ်ပြုနိုင်မယ့် အနေအထားမှာ မရှိဘူးလို့ နေပြည်တော် ခရီးစဉ်အပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်မြို့မှာ ပြောလိုက်ပါတယ်။

လာမယ့် ရွေးကောက်ပွဲပြီးနောက် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့လည်း စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖျူအန်ခတ်ကွေးက သတင်းထောက်တွေကို ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်နေပေမယ့် လာမယ့် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီစနစ်သို့ ပြန်သွားမယ့် အစီအစဉ် ဖြစ်တယ်လို့ မြန်မာ စစ်ခေါင်းဆောင်တွေက ကတိပြုထားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ်က ရွေးကောက်ပွဲ ဆန်ကျင်သူတွေကို နှိမ်နှင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ပြောကြားပြီး လာမယ့် ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်တွေ အာဏာ ဆက်လက်တည်မြဲရေး အကြံအစည် တစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေလောက်မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေ အများကြီး ရှိနေသလို စစ်တပ်က သူတို့ မလိုလားတဲ့ ပါတီတွေကို ဖျက်သိမ်းတာ ဒါမှမဟုတု် ရွေးကောက်ပွဲဝင်ခွင့် တားမြစ်တာတွေ လုပ်ဆောင်နေပါတယ်။

မစ္စတာ ဆီဟာဆက်ဟာ ဒီဇင်ဘာ ၇ ရက်က နေပြည်တော်မှာ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း နှစ်နိုင်ငံစလုံးရဲ့ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိမှာ မဟုတ်သလို ယုံကြည်စိတ်ချရဖို့လည်း မဖြစ်နိုင်တာကြောင့် ထိုင်းအနေနဲ့ အသိအမှတ်ပြုနိုင်မယ့် အနေအထားမှာ မရှိဘူးလို့ မစ္စတာ ဆီဟာဆက်က အရင်ကလည်း ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်လာဖို့နဲ့ ပိုမို ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ထိုင်းက မျှော်လင့်ကြောင်း မင်းအောင်လှိုင်ကို ဆီဟာဆက်က ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီဇင်ဘာ ၇ ရက် နေပြည်တော် ခရီးစဉ်အတွင်း စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ သတင်းစာ မျက်နှာဖုံး စာမျက်နှာမှာ စစ်ခေါင်းဆောင်တွေ အနေနဲ့ လက်ရှိ အခြေအနေတွေအရ နိုင်ငံရေး ဦးဆောင်မှု အပိုင်းကို စစ်တပ်ကပဲ ဆက်လက် ထိန်းချုပ်ထားဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ မရှိတော့တဲ့အချိန် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အားကောင်းလာတဲ့ အချိန်ရောက်မှ လွှတ်တော်တွင်း စစ်တပ် နေရာယူမှုကို ဖြည်ဖြည်းချင်း လျှော့ချသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.