ဒါဖာ၊ ဒီဇင်ဘာ ၉

ဆူဒန်လေတပ်က လူနေရပ်ကွက်တွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးရှောင် စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရပ်သား ၁၇၀၀ ထက်မနည်း ရှိကြောင်း ဆူဒန် ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုံစမ်း စစ်ဆေးမှုအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အများဆုံး အချက်အလက်တွေကို စုစည်းတင်ပြထားတာ ဖြစ်တယ်လို့ Sudan Witness Project က ပြောပါတယ်။

အဲဒီ စုံစမ်းစစ်ဆေးမှုအတွင်း ဆူဒန် လေတပ်ဟာ ပဲ့ထိန်းစနစ် မပါတဲ့ ဗုံးတွေကို သုံးပြီး လူနေထူထပ်တဲ့ ဒေသတွေကို တိုက်ခိုက်နေကြောင်း ဖော်ပြထားပါတယ်။

အဲဒီ အချက်အလက်တွေက ဆူဒန် လေတပ် SAF မှာပဲရှိတဲ့ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကိုပဲ စုံစမ်းစစ်ဆေးထားတာ ဖြစ်ပါတယ်။

ဆူဒန် စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုက်လေယာဉ်တွေ မရှိတဲ့ RSF လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့က ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ရှိပေမယ့် အဲဒီ စုံစမ်း စစ်ဆေးမှုမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။

ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖာဒေသမှာ တိုင်းရင်းသားတွေကို RSF က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားပြီး အမေရိကန်က လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ထိခိုက်ပျက်စီးမှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ အများကြီးအတွက် RSF မှာ တာဝန်ရှိပေမယ့် SAF ကိုလည်း သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းသင့်တယ်လို့ ထင်ကြောင်း Sudan Witness Project ကို ဦးဆောင်သူ မက်ခ် စနော့ခ်က ဆိုပါတယ်။

ဘယ်သူဘယ်ဝါ မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို SAF က အရင်ကတည်းက ငြင်းဆိုထားပါတယ်။

Sudan Witness အဖွဲ့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်နေတဲ့ ကိုယ်ကျိုးမဲ့အဖွဲ့အစည်း CIR ခေါ် သတင်းအချက်အလက်အဖွဲ့က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ပုံငွေ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

ဆူဒန်လေတပ်က ၂၀၂၃ ခုနှစ် ဧပြီလနဲ့ ၂၀၂၅ ဇူလိုင်လကြားမှာ လေကြောင်း တိုက်ခိုက်မှု ၃၈၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Sudan Witness အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုက ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေအတွင်း သေဆုံးသူ အရပ်သား ၁၇၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၂၀ ဦး ရှိကြောင်း တွေ့ရှိထားပါတယ်။

ဒါက သေဆုံးသူ အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး အရေအတွက် ဖြစ်တယ်လို့လည်း Sudan Witness အဖွဲ့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ဟာ ဈေးတွေလို နေရာမျိုးတွေမှာ လူထူထပ်နေချိန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လူနေရပ်ကွက်တွေကို လေကြောင်း တိုက်ခိုက်မှု ၁၃၅ ကြိမ် ရှိပြီး လူနေအိမ်တွေနဲ့ အခြေခံ အဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ဖော်ထုတ်ဖို့ ခက်ခဲတာကြောင့် ဆူဒန် လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် အများကြီး ပိုများနိုင်တယ်လို့ Sudan Witness အဖွဲ့က ပြောပါတယ်။

ဆူဒန် ပြည်တွင်းစစ်ဟာ အမှန်တကယ်မှာ အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်ပွဲ ဖြစ်တယ်လို့ Sudan Witness အဖွဲ့က ပြောပါတယ်။

ဆူဒန်လေတပ်ရဲ့ မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေကို ဆူဒန် စစ်တပ်ရဲ့ မဟာမိတ် လက်နက်ကိုင်တွေကတောင် ပြစ်တင်ရှုတ်ချထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.